၁၀ ကြိမ်မြောက်ခဲ့သည့် တာချီလိတ်မြို့၏ အပတ်စဉ် စနေနေ့တိုင်း စုပေါင်း သန့်ရှင်းရေး

၁၀ ကြိမ်မြောက်ခဲ့သည့် တာချီလိတ်မြို့၏ အပတ်စဉ် စနေနေ့တိုင်း စုပေါင်း သန့်ရှင်းရေး
နိုဝင်ဘာ 22, 2014
By Tachileik News Agency

တာချီလိတ်မြို့နယ်အတွင်း သန့်ရှင်းသာယာလှပရေးနှင့် အမှိုက်ကင်းစင်ရေးအပြင် မြို့နယ်လုံးကျွတ် လိုက်ပါ၍  သန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်မှုများတွင် ပြည်သူ၊ ပြည်သားပီပီ တာဝန်သိတတ်စွာ ပါဝင်ဆင်နွှဲနိုင်ရန်အတွက် တာချီလိတ်တွင် အပတ်စဉ် စနေနေ့တိုင်း လူထုပါဝင်သည့် သန့်ရှင်းရေးများကို ပြုလုပ်လျက်ရှိရာ ယနေ့ ၂၀၁၄ခုနှစ် နိုဝင်ဘာလ(၂၂)ရက်နေ့ နံနက်ပိုင်းတွင် ၀မ်ကောင်းရပ်ကွက် အတွင်းရှိ နမ့်ယွန်းချောင်း နှင့်  ပါဆပ်ရပ်ကွက်ရှိ အ.ထ.က(ဟောင်လိတ်)အတွင်း စုပေါင်း၍ သန့်ရှင်းရေးဆောင်ရွက်ခဲ့ကြရာ ယခုအပတ်ဆိုလျှင် (၁၀)ကြိမ်မြောက် စုပေါင်း သန့်ရှင်းရေး ဖြစ်ကြောင်း သိရသည်။

ယနေ့ နိုဝင်ဘာလ (၂၂)ရက်နေ့တွင် အမှိုက်ကင်းစင်ရေးအတွက် ၀မ်ကောင်းရပ်ကွက်ရှိ နမ့်ယွန်းချောင်းအတွင်း စွန့်ပစ်ထားသော အမှိုက်များအား စုပေါင်း၍ ဆယ်ယူခဲ့ကြပြီး အ.ထ.က(ဟောင်လိတ်)တွင်လည်း စုပေါင်း၍ အမှိုက်များ ရှင်းလင်းခြင်း၊ မြက်များရိတ်သိမ်းခြင်း စသည်တို့ကို စုပေါင်း၍ တက်ကြွစွာဖြင့် ပါဝင်ဆောင်ရွက်ကြသည်။

 စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ကြရာတွင် တာချီလိတ် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း ဦးဆောင်သည့် မြို့နယ်စည်ပင်သာယာရေး ကော်မတီနှင့် စည်ပင်ဝန်ထမ်းများ၊  မီးသတ်တပ်ဖွဲ့ဝင်များ နှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့ပေါ်ရပ်ကွက်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပြည်ခိုင်ဖြိုး ပါတီဝင်များနှင့် လူငယ်ပါတီဝင်များ၊ မေတ္တာရှင်(သာရေး/နာရေး) ကူညီမှုအသင်းမှ အသင်းသား၊ အသင်းသူများ၊ ရွှေတာချီခရီးသွားလုပ်ငန်း (လူမှုကူညီရေး အသင်း)မှ အလုပ်အမှုဆောင် အဖွဲ့ဝင်များနှင့် အသင်းသားများ ( Taxi ပြေးဆွဲသူများ)၊ မဇ္ဈိမလူမှုကူညီရေး အသင်းနှင့်အ.ထ.က(ဟောင်လိတ်)မှ ဆရာမများ  စသည်တို့မှ တက်ကြွစွာဖြင့် ပါဝင်ဆောင်ရွက်ကြတာကို တွေ့ရှိရသည်။

ဝမ်ကောင်းရပ်ကွက်ရှိ နမ့်ယွန်းချောင်းသည် ၀မ်ကောင်းရပ်ကွက်နှင့် မကာဟိုခမ်းရပ်ကွက် ကြားတွင် စီးဆင်းနေသော ချောင်းငယ်တစ်ချောင်းဖြစ်ပြီး အဆိုပါချောင်းအတွင်းသို့ မကာဟိုခမ်းရပ်ကွက် နှင့် ၀မ်ကောင်းရပ်ကွက်တို့မှ ပြည်သူအချို့ဟာ အမှိုက်များ စွန့်ပစ်ထားရှိမှုကြောင့် ရေစီးရေလာ ပိတ်ဆို့နေမှုများမကြာခဏ ဖြစ်ပေါ်ရာ အဆိုပါချောင်းအား သန့်ရှင်းကောင်းမွန်စေရန်အတွက်  အဓိကထား၍ ရှင်းလင်းခဲ့ကြတာကိုလည်း တွေ့ရှိရသည်။

"ဒီနမ့်ယွန်းချောင်းထဲကို အမှိုက်တွေ လာလာပစ်ကြတော့ အမှိုက်တွေက များလာပြီး ရေစီးထဲတခါတည်း မမျှောပါသွားနိုင်တဲ့အခါမှာ အခက်တွေ့ရော၊ ရပ်ကွက်ထဲက လူတွေအနေနဲ့လည်း အမှိုက်ပစ်ရမဲ့ နေရာရှိပါလျက်နဲ့ ဒီချောင်းထဲကို လာလာပစ်နေတာကတော့ တကယ်ကို လွန်လွန်းပါတယ်၊ တာဝန်သိစိတ်လေးတွေနဲ့ အမှိုက်ပစ်ရမဲ့ နေရာမှာဘဲ အမှိုက်ပစ်ကြရင် နမ့်ယွန်းချောင်းထဲ အမှိုက်တွေ ကင်းစင်နိုင်လိမ့်မယ်လို့ မြင်မိပါတယ်"ဟု ၀မ်ကောင်းဈေးအနီးနေ ဈေးသည်တစ်ဦးမှ တာချီလိတ်အွန်လိုင်းသို့ ပြောသည်။

တာချီလိတ်မြို့တွင် အမှိုက်ကင်းစင်ရေးအတွက် ပြည်သူများပါဝင်သည့် စုပေါင်း သန့်ရှင်းရေး ဆောင်ရွက်မှုကို ၂၀၁၄ခုနှစ် စက်တင်ဘာလအတွင်းက စတင်၍ ဆောင်ရွက်လာခဲ့သည်မှာ ယခုအပတ်ဆိုလျှင် (၁၀)ကြိမ်မြောက်ပြီဖြစ်ပြီး ဆက်လက်၍လည်း အပတ်စဉ် စနေနေ့တိုင်း မြို့သာယာလှပရေးနှင့် သန့်ရှင်းရေးအတွက် စုပေါင်း သန့်ရှင်းရေးလုပ်ငန်းများကို ယခုလို ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း သိရှိရသည်။

သတင်း ။  ။ ကိုဇောင်း
ဓါတ်ပုံ ။  ။ ဇောင်းညီ

ပုံများကိုကြည့်ရန်
၁၀ ကြိမ်မြောက်ခဲ့သည့် တာချီလိတ်မြို့၏ အပတ်စဉ် စနေနေ့တိုင်း.......

71 photos
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~