ရေပူစမ်းကျေးရွာအနီးရှိ ချောင်းကမ်းပါးစောင်းတွင် စိတ်ကြွဆေးပြား ရိုက်မိုချောင်းများ ရှာဖွေရရှိ

ရေပူစမ်းကျေးရွာအနီးရှိ ချောင်းကမ်းပါးစောင်းတွင် စိတ်ကြွဆေးပြား ရိုက်မိုချောင်းများ ရှာဖွေရရှိ
အောက်တိုဘာ 20, 2014
By Tachileik News Agency

တာချီလိတ် - မိုင်းဆတ် သွားလမ်းမပေါ် လွယ်ဆမ်ဆုန်တောင်အနီးတွင် ပြီးခဲ့သည့် စက်တင်ဘာလ (၃၀)ရက်နေ့ ညနေ(၄း၃၀)နာရီအချိန်ခန့်က ဖမ်းဆီးရရှိခဲ့သော ဘိန်းဖြူ ဘလောက်တုံး (၆၆၅)တုံး ဖမ်းဆီးရရှိမှုနှင့် ပတ်သက်၍ တရားခံများ၏ စစ်ဆေးပေါ်ပေါက်ချက်အရ အောက်တိုဘာလ (၁၉)ရက်နေ့ ညနေ(၄း၄၅)နာရီ အချိန်ခန့်က မူးယစ်ဆေးဝါးများနှင့် ဆက်စပ် ပစ္စည်းများအား  ထပ်မံ၍ ရှာဖွေရရှိကြောင်း သတင်းရရှိသည်။

စစ်ဗျူဟာ(အခြေချ)တာချီလိတ် စစ်ဗျူဟာမှူး နှင့် စကခ(၁၄)မှ စစ်ဗျူဟာ(၁)မှူးတို့၏ ကွပ်ကဲမှုဖြင့် အမှတ်(၅၂၇) ခြေမြန်တပ်ရင်းမှ ယာယီတပ်ရင်းမှူး ဦးစီးအဖွဲ့၊ မူးယစ်တပ်ဖွဲ့စု(၂၉/၃၀)မှ တပ်ဖွဲ့ဝင်များသည် တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ ရေပူစမ်းကျေးရွာ ပတ်ဝန်းကျင် တစ်ဝိုက်ရှိ ချောင်းကမ်းပါးစောင်းတွင်  မြေမြှုပ်သိုဝှက်ထားသော မူးယစ်ဆေးဝါးများနှင့် ဆက်စပ် ပစ္စည်းများအား ရှာဖွေသိမ်းဆည်း ရရှိကြောင်း သိရသည်။

ထိုသို့ ရှာဖွေသိမ်းဆည်းရရှိရာတွင် အပြာရောင် ပလပ်စတစ် ကပ်ခွါအိတ် ဖြင့်ထည့်လျှက် Wy စာတမ်းပါ အစိမ်းရောင် စိတ်ကြွဆေးပြား (၁၈၀)ပြား ဟိုက်ဒရိုကလိုရစ် အက်စစ် ပုလင်း(၄)ပုလင်း၊ စာတမ်းမပါ ဆေးပြားရိုက်မို (၅၂)ချောင်း၊ R စာတမ်းပါ ဆေးပြားရိုက်မို (၂၂)ချောင်း၊ WY စာတမ်းပါ ဆေးပြား ရိုက်မို(၁၂၁)ချောင်း၊ ဆေးပြားရိုက်မို အောက်ခံခွက် (၁၅၆)ခုတို့ ပါဝင်ကြောင်း သိရသည်။

ချောင်းကမ်းပါးစောင်းတွင် မြေမြှုပ်သိုဝှက်ထားသော ပိုင်ရှင်မဲ့ မူးယစ်ဆေးဝါးများနှင့် ဆက်စပ် ပစ္စည်းများ၏ ပိုင်ရှင်အား စုံစမ်းဖေါ်ထုတ် အရေးယူနိုင်ရန်အတွက် တာချီလိတ်မြို့မရဲစခန်း တွင် မယ(ပ)၁၃၂/၂၀၁၄၊ မူး/စိတ်ပုဒ်မ ၁၆(ခ)/၁၉(က)အရ အမှုဖွင့်ဆောင်ရွက်ထားရှိကြောင်း သတင်းရရှိသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~