တာချီလိတ် တရားရုံးရှေ့တွင် ရပ်တန့်ထားသော ယာဉ်များကြောင့် ယာဉ်ကြောပိတ်ဆို့မှုများ မကြာခဏဖြစ်ပေါ်နေ

တာချီလိတ် တရားရုံးရှေ့တွင် ရပ်တန့်ထားသော ယာဉ်များကြောင့် ယာဉ်ကြောပိတ်ဆို့မှုများ မကြာခဏဖြစ်ပေါ်နေ
အောက်တိုဘာ 21, 2014
By Tachileik News Agency

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ နယ်စပ်ဒေသဖြစ်သည့် တာချီလိတ်မြို့သည် ခေတ်နှင့်အညီ ဖွံ့ဖြိုး တိုးတက် လာပြီးနောက် စက်ဘီး၊ ဆိုင်ကယ်၊ သုံးဘီး၊ ကား၊ စသည့် ယာဉ်များသည်လည်း တာချီလိတ်မြို့တွင်း၌ အဆမတန် များပြားလာလျက်ရှိရာ အဆိုပါ ယာဉ်များမှာ များပြားလာသော်လည်း ဗိုလ်ချုပ်လမ်းမကြီး အပါအ၀င် လမ်းသွယ်များသည်လည်း ကျဉ်းမြောင်းနေလျက်ရှိသည့်အတွက် ယာဉ်ကြော ပိတ်ဆို့မှုများ၊ ယာဉ်မတော်တဆမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိကြောင်း သိရသည်။

ယာဉ်ကြောပိတ်ဆို့မှုနှင့် ပတ်သက်၍ တာချီလိတ်မြို့၊ ၀မ်ကောင်းရပ်ကွက် အတွင်းရှိ တရားရုံး လမ်းကြားတွင် တရားရုံးရှေ့၌ ရပ်တန့်ထားသော ဆိုင်ကယ်များ၊ တရားရုံးသို့ လာရောက်သော မော်တော်ကားများ နှင့် အဆိုပါ လမ်းကို ဗဟိုပြု၍ သွားလာနေသော ယာဉ်မျိုးမျိုးသည်လည်း တရားရုံးလမ်း အ၀င်ဖြစ်သည့် လင်းလင်းစတိုး အနီးထိ ယာဉ်ကြော ပိတ်ဆို့နေသည့်အတွက် အချို့သော ယာဉ်သွား ယာဉ်လာများအတွက် ကြန့်ကြာနှောင့်နှေးမှုများ ဖြစ်ပေါ်နေလျက်ရှိကြောင်း သိရသည်။

"အရင်တုန်းက တရားရုံးထဲမှာ ဆိုင်ကယ်တွေ ရပ်ထားတုန်းက ဒီလောက် ယာဉ်ကြောမပိတ်ဘူး၊ အခုက ရုံးရှေ့မှာ ဆိုင်ကယ်တွေ ရပ်ထားတဲ့အပြင် တစ်ဖက်မှာလည်း ကားတွေက ခဏလေးပဲဖြစ်ဖြစ်၊ အချိန် အတိုင်းအတာ တစ်ခုထိဖြစ်ဖြစ် ရပ်ကြပြန်တော့ လမ်းက ကျဉ်းရတဲ့အထဲ ပိုပြီး ပိတ်ရောဗျာ"ဟု တရားရုံးဘေးရှိ အမည်မဖော်လိုသူ ဈေးသည်တစ်ဦးက တာချီလိတ်အွန်လိုင်းသို့ ပြောပြသည်။

တရားရုံး လုံခြုံရေးအရဟု မကြာသေးမီက သတ်မှတ်ကာ ယခင်ကလို ရုံးအတွင်း ယာဉ်များ ရပ်တန့်ခွင့် မပြုတော့ပဲ၊ ရုံး၏ အရှေ့တွင်သာ ရပ်တန့်ခွင့် ပြုထားသည့်နောက် ယခုလို မကြာခဏ ယာဉ်ကြော ပိတ်ဆို့မှုများ ဖြစ်ပေါ်နေတာဖြစ်ကြောင်း တရားရုံးဘေးရှိ ဈေးသည်တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

"တာချီလိတ်မြို့ရဲ့ ဖွဲ့စည်းပုံထဲမှာ အညံ့ဖျင်းဆုံးက လမ်းဖွဲ့စည်းမှုတွေပဲ၊ မိန်းလမ်းတောင် ကျဉ်းနေမှတော့ ဒီလို လမ်းကြားတွေလည်း ကျဉ်းနေတာပေါ့၊ ရုံးတွေ၊ ဌာနတွေ၊ အနေနဲ့ အခုလို ယာဉ်တွေကို သီးခြားရပ်ဖို့ သတ်မှတ်ထားတာက ကိစ္စမရှိပေမဲ့  အများပြည်သူသွားတဲ့ လမ်းဘေးမှာ ရပ်တာတော့ ယာဉ်ကြော ပိတ်ဆို့စေတာပေါ့"ဟု ၀မ်ကောင်းရပ်ကွက်နေ ဦးမျိုးဝင်းက ပြောသည်။

ထိုသို့အတူ တာချီလိတ်မြို့လယ်ခေါင် သဖွယ်ဖြစ်နေသော အခြေခံပညာ အထက်တန်းကျောင်း (တာချီလိတ်)၏ ကျောင်းဆင်း၊ ကျောင်းတက်ချိန်များတွင် ရွှေတိဂုံဘုရားလမ်းပေါ်၌ ကျောင်းကြိုပို့ မိဘများ၏ ဆိုင်ကယ်များ၊ အဆိုပါ လမ်းအား ဗဟိုပြု၍ သွားလာနေသော မော်ယာဉ်များဖြင့် ယာဉ်ကြောပိတ်ဆို့မှုများ မကြာခဏဖြစ်ပေါ်နေပြီး အဆိုပါလမ်းပေါ်ရှိ ဈေးဆိုင်များရှေ့တွင် ရပ်တန့်ထားသော မော်တော်ယာဉ် များကြောင့် ကျောင်းဆင်းချိန်တွင် ကျောင်းသား၊ ကျောင်းသူများအတွက် သွားလာရ ခက်ခဲနေကြောင်းလည်း သိရသည်။

"ကျောင်းဆင်း၊ ကျောင်းတက်ချိန် ကြိုပို့လုပ်ရတိုင်း စိတ်ပျက်မိတယ်၊ ဒီလမ်းက ကျဉ်းပါတယ်ဆို၊ ဘေးတစ်ဖက် တစ်ချက်စီ ရပ်ထားတဲ့ ကားတွေ၊ ဆိုင်ကယ်တွေကြောင့် ကလေးတွေ နေပူပူထဲမှာ ရပ်စောင့်နေရတယ်။"ဟု မကာဟိုခမ်းရပ်ကွက်နေ ကျောင်းသားမိဘတစ်ဦးဖြစ်သူ ဒေါ်နန်းဝိုးရှဲန်က တာချီလိတ်အွန်လိုင်းသို့ ပြောသည်။

တာချီလိတ်မြို့ရှိ လမ်းများသည် ကျဉ်းနေသည့်အတွက် ယာဉ်ကြောပိတ်ဆို့မှုများ၊ ယာဉ်မတော်တဆ တိုက်မှုများ မကြာခဏ ဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရသည်။

သတင်း။  ။ ကိုဇောင်း
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~