တာချီလိတ်၌ ကျင်းပသည့် Morning Star Cup 2014 ကြက်တောင်ရိုက်ပြိုင်ပွဲတွင် ဆုရရှိသူများအား ညစာစားပွဲနှင့်အတူ ဆုများချီးမြှင့်

တာချီလိတ်၌ ကျင်းပသည့် Morning Star Cup 2014 ကြက်တောင်ရိုက်ပြိုင်ပွဲတွင် ဆုရရှိသူများအား ညစာစားပွဲနှင့်အတူ ဆုများချီးမြှင့်
အောက်တိုဘာ 24, 2014
By Tachileik News Agency

တာချီလိတ်မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာန၊ တာချီလိတ်မြို့နယ် ကြက်တောင် ဆပ်ကော်မတီနှင့် Sponsor များဖြစ်ကြသော ဦးစိုင်းစိုင်း(မိုးသောက်ကြယ်)မိသားစု နှင့် ဦးမြင့်နွယ် တို့မှ ကြီးမှူးကျင်းပသည့် တာချီလိတ်"Morning Star Cup 2014" Badminton Championship ပြိုင်ပွဲကို ၂၀၁၄ခုနှစ် အောက်တိုဘာလ(၂၁)ရက်နေ့မှ စ၍ အောက်တိုဘာလ(၂၃)ရက်နေ့အထိ တာချီလိတ်မြို့နယ် အားကစားခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြပြီးနောက် ပြိုင်ပွဲ၏ ဆုပေးပွဲအခမ်းအနား နှင့် ညစာစားပွဲအား ယနေ့ အောက်တိုဘာလ(၂၄)ရက် ည(၇)နာရီအချိန်တွင် တာချီလိတ်မြို့ ရွှေတြိဂံဟိုတယ်၊ View Point စားသောက်ဆိုင်တွင် ကျင်းပပြုလုပ်ခဲ့ကြသည်။

ဆုပေးပွဲ အခမ်းအနား၌ လူကြီးတန်း အမျိုးသား၊ အမျိုးသမီး နှစ်ယောက်တွဲ (အလွတ်တန်း)အဆင့်တွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသည့် အားကစားသမားများအား တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေမှ ဆုများပေးအပ်ချီးမြှင့်ပြီး အမျိုးသားတစ်ဦးချင်း (က)အဆင့်တွင် ပထမ၊ ဒုတိယ၊ တတိယ ဆုများရရှိသည့် ပြိုင်ပွဲဝင်များအား ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ၀င်ထွန်းမှ ဆုများကို ပေးအပ် ချီးမြှင့်သည်။

ဆက်လက်၍ ခရိုင်လ၀က ဒု-ညွှန်ကြားရေးမှူး ဦးကျော်စွာလွင်က အမျိုးသား(၂)ယောက်တွဲ (က)အဆင့်တွင်  ပထမ၊ ဒုတိယ နှင့် တတိယ ရရှိသည့် အားကစားသမားများအား ဆုများပေးအပ်ချီးမြှင့်ပြီး အမျိုးသားတစ်ဦးချင်း (ခ)အဆင့်တွင် ဆုများရရှိသည့် ပထမ၊ ဒုတိယ နှင့် တတိယ ဆုရှင်များကို တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက ဆုများ အသီးသီး ပေးအပ်ချီးမြှင့်သည်။

တဆက်တည်းမှာ အသက်(၅၀)အထက် အမျိုးသားနှစ်ယောက်တွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ရရှိသည့် အားကစား သမားများအား အဆိုပါ ပြိုင်ပွဲကို  Sponsor ပေးသည့် မိုးသောက်ကြယ် မှ မန်နေဂျာ ဦးမြင့်နွယ်က ဆုများပေးအပ်ချီးမြှင့်ပြီး ခရိုင် အား/ကာ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဇော်လွင် နှင့် ဦးဘိုချိုတို့မှ အမျိုးသား(၂)ယောက်တွဲ (ခ)အဆင့်တွင် ဆုများရရှိသည့် ပထမ၊ ဒုတိယ၊ တတိယ ဆုရှင်များနှင့်  Sponsor အမျိုးသား နှစ်ယောက်တွဲမှ ဆုရရှိသူများကို ဆုများ အသီးသီး ပေးအပ် ချီးမြှင့်ခဲ့ကြသည်။

ယခုကျင်းပပြုလုပ်ခဲ့ပြီးသည့် "Morning Star Cup 2014" Badminton Championship ပြိုင်ပွဲတွင် 1. Man Over "50" Year Double၊ 2. Man Single (A) 3. Man Double (A) 4. Man Single (B) 5. Man Double (B) နှင့် 6. Mix Double များအဖြစ် ကဏ္ဍအလိုက် သတ်မှတ်၍ ပြိုင်ပွဲအား ကျင်းပပြုလုပ်ရာ ပြိုင်ပွဲဝင် အားကစားသမားများမှ စုစုပေါင်း (၈၂)ဦးရှိကြောင်း တာချီလိတ်မြို့နယ် ကြက်တောင် ဆပ်ကော်မတီ သိရသည်။

တာချီလိတ်မြို့တွင် ယခုလို ကြက်တောင်ရိုက် ပြိုင်ပွဲအား ကျင်းပပြုလုပ်နိုင်ရန်အတွက် ကုန်ကျမည့် ကြက်တောင်များ၊ ပြိုင်ပွဲဝင်များ အတွက် အင်္ကျီများ၊ ဒိုင်လူကြီးများ အတွက် အင်္ကျီများ၊ ဆုဖလားများ၊ ညစာစားပွဲ နှင့် ဆုပေးပွဲများအတွက် ကုန်ကျမည့် ငွေကြေးများကို ဦးစိုင်းစိုင်း(မိုးသောက်ကြယ်)နှင့် ဦးမြင့်နွယ်တို့မှ ပေးအပ် ပံ့ပိုးထားတာဖြစ်ကြောင်း သိရသည်။

ယခုလို ပြိုင်ပွဲအား ရာသီမရွေး ကျင်းပပြုလုပ်နိုင်ပါက တာချီလိတ်အတွင်းရှိ ကြက်တောင် အားကစား သမားများထဲတွင် ထူးချွန် အားကစားသမားများ များစွာပေါ်ထွက်လာနိုင်မှာဖြစ်ပြီး  ကူညီပံ့ပိုးသူ များများရှိပါက ပြိုင်ပွဲများကို ပြုလုပ်နိုင်မှာဖြစ်ကြောင်းလည်း သိရှိရသည်။

သတင်း။  ။ ကိုဇောင်း
ဓါတ်ပုံ။   ။ ဇောင်းညီ

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~ ကြော်ငြာ ~~~~~~~~~