အမှိုက်များ စနစ်တကျ စွန့်ပစ်နိုင်ရေးအတွက် ကျပ်သိန်းပေါင်း (၈၉)သိန်းကျော် တန်ဖိုးရှိ အမှိုက်ပုံး (၄၁)ပုံး တာချီလိတ်မြို့ပေါ် လမ်းမများတွင် ချထားသွားမည်

အမှိုက်များ စနစ်တကျ စွန့်ပစ်နိုင်ရေးအတွက် ကျပ်သိန်းပေါင်း (၈၉)သိန်းကျော် တန်ဖိုးရှိ အမှိုက်ပုံး (၄၁)ပုံး တာချီလိတ်မြို့ပေါ် လမ်းမများတွင် ချထားသွားမည်
အောက်တိုဘာ 22, 2014
By Tachileik News Agency

တာချီလိတ်မြို့နယ်အတွင်း သန့်ရှင်းသာယာ လှပစေရေးနှင့် စွန့်ပစ်အမှိုက်များ ကင်းစင်ရေး အထူးဆောင်ရွက်မှု တစ်ရပ်အနေဖြင့် ယနေ့ အောက်တိုဘာလ (၂၂)ရက် နံနက်ပိုင်းက တာချီလိတ်မြို့နယ် စည်ပင်သာယာရေးဌာနရုံးမှာ ကျပ်သိန်းပေါင်း (၈၉)သိန်းကျော် တန်ဖိုးရှိသည့် အမှိုက်ပုံး (၄၁)ပုံးအား မြို့ပေါ်ရပ်ကွက်ရှိ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံ ပေးအပ်သည့် အမှိုက်ပုံး ပေးအပ်ပွဲအား ကျင်းပပြုလုပ်ခဲ့ကြသည်။

အမှိုက်ပုံးပေးအပ်ပွဲတွင် တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ၊ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီ ဥက္ကဌ ဦးစိုင်းကျော်ဇံ၊ အတွင်းရေးမှူး အမှုဆောင် အရာရှိ ဦးကျော်ဇင်နှင့် စည်ပင်သာယာရေး ကော်မတီဝင်များ၊ မြို့ပေါ်ရပ်ကွက်မှ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်လာခဲ့ကြပြီး တာချီလိတ်မြို့ပေါ် အမှိုက်များကင်းစင်ရေး၊ စနစ်တကျ အမှိုက်စွန့်ပစ်စေရေး နှင့် ယခုပေးအပ်သော အမှိုက်ပုံးများအား ရပ်ကွက်အုပ်ချုပ်ရေးမှူး နှင့် ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင်များမှ တာဝန်ယူ၍ လက်ခံထားရှိရမှာ ဖြစ်ကြောင်း အပြင် မြို့ပေါ် ရပ်ကွက်များအားလုံး အမှိုက်များ ကင်းစင်ရေးအတွက် ပြည်သူများ အားလုံးပူးပေါင်း ပါဝင်လာနိုင်မှုသည် ရပ်ကွက်အုပ်ချုပ်ရေးမှူးများပေါ်သာ မူတည်ကြောင်း ထို့အတွက် စည်ပင်သာယာရေး အင်အား၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ပြည်သူအင်အား ပူးပေါင်း၍ လုပ်ဆောင်သင့်ကြောင်း စသည်ဖြင့် ခရိုင်အုပ်ချုပ်ရေးမှူး ဦးဆောင်၍ စည်ပင်သာယာရေး ကော်မတီဝင်များမှ ဆွေးနွေးခဲ့ကြသည်။

ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေက "ယခုပေးအပ်သည့် အမှိုက်ပုံးများသည် အများ ပြည်သူများ၏ အခွန်အခများဖြင့် ၀ယ်ယူထားခြင်း ဖြစ်သည့်အတွက် မပျောက်မပျက်စေရန်နှင့် မပျက်စီးစေရန်အပြင် ခိုးယူမှုများ မရှိစေရန်အတွက်  ပြည်သူများအားလုံး ၀ိုင်းဝန်း စောင့်ရှောက်ရမှာဖြစ်ကြောင်း၊ ပြည်သူပိုင် အမှိုက်ပုံးများအား ဖျက်ဆီးခြင်း၊ မိမိအပိုင်အဖြစ် အသုံးပြုရန် သယ်ဆောင်သွားခြင်း၊ ခိုးယူ ရောင်းချ ခြင်းများအား ပြုလုပ်ပါက ရောင်းသူ၊ ၀ယ်သူများကို တည်ဆဲဥပဒေနှင့်အညီ အရေးယူသွားမည် ဖြစ်ကြောင်း" အစည်းအဝေးတွင်  အသိပေးပြောကြားသွားသည်။

ယခုပေးအပ်သော အမှိုက်ပုံးများသည် နှစ်မျိုးနှစ်စားဖြစ်ရာ အမှိုက်ပုံးကြီးသည် တစ်ပုံးလျင် ကျပ်ငွေဖြင့် (၃၂၀၀၀၀)ကျပ် ရှိပြီး အမှိုက်ပုံး အသေးမှာ တစ်ပုံးလျင် (၁၂၀၀၀၀)ကျပ်ရှိရာ အမှိုက်ပုံးကြီး (၂၀)ပုံး နှင့် အမှိုက်ပုံးသေး (၂၁)ပုံး တို့၏ စုစုပေါင်း တန်ဖိုးငွေမှာ ( ၈၉၂၀၀၀၀ )ကျပ် ရှိကြောင်း သိရသည်။

အမှိုက်ပုံး (၄၁)ပုံးအား မြို့ပေါ်ရပ်ကွက်များတွင် အဓိကအားဖြင့် လမ်းမကြီးပေါ်နှင့် အမှိုက်များ စုပုံထားလေ့ရှိသည့် နေရာများအပြင် အမှန်တကယ် လိုအပ်သည့် နေရာများမှာ ထားရှိထားမှာ ဖြစ်ပြီး အဆိုပါ အမှိုက်ပုံး မပျောက်ပျက်စေရေးနှင့် ခိုးယူမှု မရှိစေရေးမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူး နှင့် အဖွဲ့ဝင်များတွင် တာဝန်ရှိကြောင်း အစည်းအဝေးတွင် စည်ပင်သာယာရေးကော်မတီမှ ပြောကြားသည်။

ယခုပေးအပ်သော အမှိုက်ပုံးများသည် ပြည်နယ်စည်ပင်သာယာရေး ကော်မတီမှ ပေးပို့သည့် အမှိုက်ပုံးများဖြစ်ပြီး လိုအပ်သည့် နေရာများတွင် အသုံးပြုနိုင်ရန်အတွက် အမှိုက်ထည့် ကြွတ်ကြွတ်အိတ်ကြီး (အိတ်မဲ)များကို အထက်တန်းရှေ့နေ ဦးဝေယံဦးမှလည်း လာရောက် လှူဒါန်းကြောင်း သိရသည်။

တာချီလိတ်မြို့ပေါ်တွင် အမှိုက်ကင်းစင်ရေးနှင့် စနစ်တကျ အမှိုက်စွန့်ပစ်ရေးအတွက် အပတ်စဉ် စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းကို ၀မ်ကောင်းရပ်ကွက်မှ စတင်လုပ်ဆောင်ခဲ့ပြီး လာမည့် အပတ်တွင် အများပြည်သူများနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းပါဝင် နိုင်ရန်အတွက် ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်ကြောင်းလည်း သိရှိရသည်။

သတင်း။  ။ကိုဇောင်း
ပုံများကိုကြည့်ရန်
21 photos
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~