မြေမြုပ်သိုဝှက်ထားသည့် ပိုင်ရှင်မဲ့ မူးယစ်ဆေးဝါး ဆက်စပ်ပစ္စည်းများ ရေပူစမ်းကျေးရွာအနီး ရှာဖွေရရှိ

မြေမြုပ်သိုဝှက်ထားသည့် ပိုင်ရှင်မဲ့ မူးယစ်ဆေးဝါး ဆက်စပ်ပစ္စည်းများ ရေပူစမ်းကျေးရွာအနီး ရှာဖွေရရှိ
အောက်တိုဘာ 20, 2014
By Tachileik News Agency

တာချီလိတ် - မိုင်းဆတ် သွားလမ်းမပေါ် လွယ်ဆမ်ဆုန်တောင်အနီးတွင် ပြီးခဲ့သည့် စက်တင်ဘာလ (၃၀)ရက်နေ့ ညနေ(၄း၃၀)နာရီအချိန်ခန့်က ဖမ်းဆီးရရှိခဲ့သော ဘိန်းဖြူ ဘလောက်တုံး (၆၆၅)တုံး ဖမ်းဆီးရရှိမှုနှင့် ပတ်သက်၍ တရားခံများ၏ စစ်ဆေးပေါ်ပေါက်ချက်အရ အောက်တိုဘာလ (၁၉)ရက်နေ့က ရေပူစမ်းကျေးရွာအနီးတွင် ကျပ်သိန်းပေါင်း (၄၂.၄၃)သိန်း တန်ဖိုးရှိ မူးယစ်ဆေးဝါး ဆက်စပ်ပစ္စည်းများအား ထပ်မံ၍ ရှာဖွေရရှိကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ဘိန်းဖြူ ဘလောက်တုံး (၆၆၅)တုံး ဖမ်းဆီးရရှိမှုနှင့် စပ်လျဉ်း၍ တရားခံများ၏ စစ်ဆေး ပေါ်ပေါက်ချက်အရ စစ်ဗျူဟာ(အခြေချ)တာချီလိတ် စစ်ဗျူဟာမှူး နှင့် စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (၁၄)မှ စစ်ဗျူဟာ(၁)မှူးတို့၏ ကွပ်ကဲမှုဖြင့် အမှတ်(၄၉)ခြေလျင်တပ်ရင်းမှ ဒုတပ်ရင်းမှူး ဦးစီးအဖွဲ့၊ မူးယစ်တပ်ဖွဲ့စု(၂၉/၃၀)မှ တပ်ဖွဲ့ဝင်များသည် အောက်တိုဘာလ (၁၈)ရက် နှင့် (၁၉)ရက် နှစ်ရက်တိုင်တိုင် ရေပူစမ်းကျေးရွာအနီး တောင်ယာတစ်ဝိုက်နယ်မြေအား ရှင်းလင်းစဉ် မြေမြုပ်သိုဝှက်ထားရှိသော မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား ပိုင်ရှင်မဲ့ ပစ္စည်းများအဖြစ် ရှာဖွေရရှိကြောင်း သိရသည်။

ထိုသို့ ရှာဖွေရရှိရာတွင် ဂတ်စ်မီးဖို(၂)လုံး၊ ကြွေရည် သုတ်ဇလုံ(၃၀)လုံး၊ ကီလိုချိန်ခွင်(၁)ခု ၊ ရှမ်းစက္ကူများ ထည့်ထားသော ဆာလာအိတ်(၃)အိတ်၊ အရောင်ဆိုးဆေး(ကာလာစုံ)ဆာလာအိတ် (၁)အိတ်၊ တိပ်ခွေ အကြည်/အ၀ါ ရောနှောထားသည့် ဆာလာအိတ်(၇)အိတ်၊ ပလပ်စတစ်ကြိုးခွေများ ထည့်ထားသော ဆာလာအိတ် (၅)အိတ်၊ ပလပ်စတစ် အကြည်အိတ်အကြီးများ ထည့်ထားသော ဆာလာအိတ်(၈)အိတ်၊ စိတ်ကြွဆေးပြား ထည့်သည့် အပြာရောင် ပလပ်စတစ်ကပ်ခွါအိတ်များ ထည့်ထားသော ဆာလာအိတ် (၁)အိတ်၊ အအေးစုပ်ပိုက်များထည့် ထားသော ဆာလာအိတ် (၁)အိတ်၊ အမဲရောင် လက်အိတ်များ ထည့်ထားသော ဆာလာအိတ် (၁)အိတ်၊ အ၀ါရောင် ဖယောင်းတုံးများ ထည့်ထားသည့် ဆာလာအိတ် (၁)အိတ်၊ အမိုနီယမ်ကလိုရိုက် အဖြူရောင် မှုန့်အလေးချိန် (၄၉၂)ကီလို၊ ကော်မှုန့်အလေးချိန် (၂၅)ကီလို၊ ဖေါ့စဖရပ် အညိုရောင်မှုန့် (၅၀)ကီလို၊ ကာဗွန်အဖြူရောင် (၈)ကီလို၊ ဟိုက်ဒရိုကလိုရစ်အက်စစ် (၄၉.၅၄၆)လီတာ၊ အနံ့ဆေးရည် (၁၇)လီတာ၊ ဟိုက်ဒရိုကလိုရစ်အက်စစ်နှင့် လိုက်ဇောရောစပ်ထားသော ဓါတုဆေးရည် (၂၇.၂၇၆)လီတာ၊ (၅)ဂါလံဆံ့ပလပ်စတစ်ပုံး (၁၅)လုံး၊ ကြွေကတော့ (၂)ခု၊ ဖန်ပုလင်းဟောင်း (၁)လုံး၊ ပလပ်စတစ်အကြည်များ ထည့်ထားသော ဆာလာအိတ်(၂)လုံး၊ စတီးဇလုံကြီး (၁၂)လုံး၊ စိတ်ကြွဆေးပြား ထုတ်လုပ်သည့် စက်အစိတ်အပိုင်းများနှင့် အခြား ဆက်စပ်ပစ္စည်းများအား ပါဝင်ကြောင်း မူးယစ်တပ်ဖွဲ့မှ သိရသည်။

ယခုလို ပိုင်ရှင်မဲ့အဖြစ် သိမ်းဆည်းရရှိသော မူးယစ်ဆေးဝါး ဆက်စပ်ပစ္စည်းများနှင့် ပတ်သက်၍ ပိုင်ရှင်အား စုံစမ်းဖော်ထုတ် အရေးယူနိုင်ရန် အတွက် အောက်တိုဘာလ (၁၉)ရက်နေ့က  တာချီလိတ်မြို့မ ရဲစခန်းတွင် မယ(ပ)၁၂၉/၂၀၁၄၊ မယ(ပ)၁၃၀/၂၀၁၄၊ မယ(ပ)၁၃၁/၂၀၁၄ တို့ဖြင့် မူး/စိတ်ပုဒ်မ ၁၆(ခ)အရ အမှုဖွင့် ဆောင်ရွက်ထားရှိကြောင်း သတင်းရရှိသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~