ရွှေတိဂုံဘုရား အဆင်းလမ်း တစ်လျှောက် နဂါးနှစ်ကောင်ဆရာတော်မှ အကုန်ကျခံ၍ ပြုပြင်ပြီး အသေးစား အ၀ိုင်းပတ်ထားရှိမည်

ရွှေတိဂုံဘုရား အဆင်းလမ်း တစ်လျှောက် နဂါးနှစ်ကောင်ဆရာတော်မှ အကုန်ကျခံ၍ ပြုပြင်ပြီး အသေးစား အ၀ိုင်းပတ်ထားရှိမည်
အောက်တိုဘာ 31, 2014
By Tachileik News Agency

တာချီလိတ်မြို့ ရွှေတိဂုံဘုရားလမ်းဆုံဖြစ်သည့် ရွှေတိဂုံစေတီအဆင်းနှင့် စိန်ချယ်လက်ဖက်ရည်ဆိုင်လမ်း၊ ဂေါက်ကွင်းသွားလမ်း စသည့် လမ်းတို့ ဆုံဆည်းသည့် လမ်းလယ်တွင် ယာဉ်မတော်တဆ တိုက်မှုများ လျော့ပါးရေးနှင့် ယာဉ်များအတွက် သတ်မှတ်ထားသည့် လမ်းများအလိုက် စနစ်တကျ သွားလာနိုင်ရေးတို့ အတွက်  အသေးစား အ၀ိုင်းပတ်သဏ္ဍာန် တည်ဆောက်ရေး ကိစ္စနှင့် ကတ္တရာထပ်ပိုးလွှာခင်းရန်အတွက် ယနေ့ ၂၀၁၄ခုနှစ် အောက်တိုဘာလ(၃၁)ရက် နေ့လည်ပိုင်းက နဂါးနှစ်ကောင်ဆရာတော် နှင့် စည်ပင်သာယာရေးကော်မတီမှ ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ တာချီလိတ်မြို့ နဂါးနှစ်ကောင်ကျောင်းတိုက်ဆရာတော် အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက အဂ္ဂမဟာပဏ္ဍိတ Honorary Ph.D. နဂါးနှစ်ကောင်ဆရာတော် ဘုရားကြီး "ဘဒ္ဒန္တဓမ္မသီရိ" နှင့် တာချီလိတ်မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးစိုင်းကျော်ဇံ နှင့် အတွင်းရေးမှူး ဦးကျော်ဇင်တို့ ပါဝင်သည့် အဖွဲ့မှ  ရွှေတိဂုံဘုရားလမ်းအဆင်း လမ်းဆုံအား အသေးစား အ၀ိုင်းပတ် ပြုလုပ်ရန်နှင့် ရွှေတိဂုံဘုရားလမ်းမှ စ၍ ရွှေတိဂုံဘုရားလမ်း အဆုံးဖြစ်သည့် အ.ထ.က(တာချီလိတ်) အနီး ဗိုလ်ချုပ်လမ်းအစပ် အထိ ကတ္တရာထပ်ပိုးလွှာခင်းရန်အတွက် ကြည့်ရှုကြတာဖြစ်ကြောင်း သိရသည်။

မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဌ  ဦးစိုင်းကျော်ဇံက"နဂါးနှစ်ကောင်ဆရာတော်ဘုရားကြီးက ရွှေတိဂုံဘုရားလမ်းအစကနေ ကျောင်းနားထိကို ကတ္တရာထပ်ပိုးလွှားခင်းဖို့ အကုန်အကျခံ လှူဒါန်းသွားမှာ ဖြစ်ပါတယ်၊ စည်ပင်ကတော့ ကတ္တရာစိုက်မှာပါ၊ လိုအပ်တာကိုတော့ ဆရာတော်ကဘဲ အကုန်ခံပြီး လှူသွားမှာမဲ့သဘောပါ.."ဟု တာချီလိတ်အွန်လိုင်းသို့ ပြောသည်။

ရွှေတိဂုံဘုရားအဆင်းလမ်းတွင် ယာဉ်တိုက်မှုများ မကြာခဏဖြစ်သည့်အတွက် ဟန့်တားမှုသဖွယ်နှင့် ယာဉ်တိုက်မှု လျော့ပါးစေရန်အတွက် အသေးစား အ၀ိုင်းပတ်ကို ဆောက်လုပ်ထားရှိမှာဖြစ်ပြီး၊ ရွှေတိဂုံဘုရား အဆင်းလမ်း တစ်လျှောက်ကို နဂါးနှစ်ကောင်ဆရာတော်၏ ကောင်းမှုကုသိုလ်ဖြင့် မကြာမီကာလတွင်း ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း သိရှိရသည်။

သတင်း ။  ။ ကိုဇောင်း
ဓါတ်ပုံ။  ။ စိုင်းလုံကျော်၊ မင်းအေးငြိမ်ဈေ

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~