မသင်္ကာ၍ အစစ်အဆေးခံရန် ရပ်တန့်ခိုင်းရာ မောင်းနှင်ထွက်ပြေးသည့်အတွက် ပစ်ခတ်ဖမ်းဆီးရာမှ မူးယစ်ဆေးဝါး ဆက်စပ်ပစ္စည်းများ တာချီလိတ်၌ သိမ်းဆည်းရမိ

မသင်္ကာ၍ အစစ်အဆေးခံရန် ရပ်တန့်ခိုင်းရာ မောင်းနှင်ထွက်ပြေးသည့်အတွက် ပစ်ခတ်ဖမ်းဆီးရာမှ မူးယစ်ဆေးဝါး ဆက်စပ်ပစ္စည်းများ တာချီလိတ်၌ သိမ်းဆည်းရမိ
စက်တင်ဘာ 21, 2014
By Tachileik News Agency

ယနေ့ ၂၀၁၄ခုနှစ် စက်တင်ဘာလ(၂၁)ရက် ညနေ (၄)နာရီခန့်က တာချီလိတ် - မိုင်းဆတ် ကားလမ်းရှိ ဟွေရဲပူးပေါင်းစစ်ဆေးရေး စခန်းအနီး (၁)မိုင်ခန့်အကွာတွင် မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ စစ်ဆေးရာမှ ရပ်တန့်ခြင်းမပြုဘဲ မောင်းနှင် ထွက်ပြေးသည့်အတွက် လိုက်လံပစ်ခတ် ဖမ်းဆီးရာ မောင်းနှင် ထွက်ပြေးသွားသော မော်တော်ယာဉ်အတွင်းမှ မူးယစ်ဆေးဝါး ဓါတုဆေးရည်များအား သိမ်းဆည်း ရမိကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယနေ့ စက်တင်ဘာလ(၂၁)ရက် ညနေ(၄)နာရီအချိန်တွင် ဟွေရဲပူးပေါင်း စစ်ဆေးရေးစခန်းတွင် မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များ၊ အမှတ်(၃၅၉)ခြေမြန်တပ်ရင်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တာချီလိတ်ဘက်မှ မိုင်းဆတ်ဘက်သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်အား စစ်ဆေးရှာဖွေရန်အတွက် ရပ်တန့်ခိုင်းရာ အဆိုပါ မော်တော်ယာဉ်မှာ ရပ်တန့်ခြင်းမပြုဘဲ ပူးပေါင်း စစ်ဆေးရေးစခန်း၏ မောင်းတံအား တိုက်၍မောင်းနှင် ထွက်ပြေးသွားသည့်အတွက် အဆိုပါပူးပေါင်းအဖွဲ့မှ လိုက်လံဖမ်းဆီးရကြောင်း သိရသည်။

ထိုသို့ လိုက်လံဖမ်းဆီးရာတွင် အဆိုပါ မော်တော်ယာဉ်မှာ ဟွေရဲစစ်ဆေးရေးစခန်းနှင့် (၁)မိုင်ခန့်အကွာ တာချီလိတ် - မိုင်းဆတ်သွား ကားလမ်းမပေါ်တွင် ညနေ(၆း၂၅)နာရီအချိန်ခန့်မှာ တွေ့ဆုံမိပြီး ယာဉ်ပေါ်တွင် လိုက်ပါလာသူ အမည်မသိ အမျိုးသား (၂)ဦးမှာ သေနတ်ဖြင့် ပစ်ခတ်ရန် ချိန်ရွယ်သည့်အတွက် ပူးပေါင်းအဖွဲ့မှ ပစ်ခတ်ရာ မော်တော်ယာဉ် ယာဘက်ဘေးအား (၃)ချက် နှင့် ရှေ့ဝဲဘက်ဘီး(၁)ချက် ထိမှန်ပြီး ယာဉ်အား ရပ်တန့်စွန့်ခွာ၍ ယာဉ်ပေါ်မှ အမည်မသိအမျိုးသား (၂)ဦးမှာ လျှိုအတွင်းသို့ ခုန်ချထွက်ပြေး လွတ်မြောက်သွားခဲ့ကြောင်း သိရသည်။

ကျန်ရှိနေခဲ့သော မော်တော်ယာဉ်အနီးသို့ ပူးပေါင်းအဖွဲ့မှ ချဉ်းကပ်သွားရောက်ပြီး ရှာဖွေစစ်ဆေးရာ ယာဉ်နောက်ခန်းတွင် ပလပ်စတစ်အိတ်ဖြင့် ထည့်လျှင် စိတ်ကြွဆေးပြား ထုတ်လုပ်ရာတွင် အသုံးပြုသည့် ကဖင်း(၃၂)ကီလို၊ စိတ်ကြွဆေးပြား ထုတ်လုပ်ရာတွင် အသုံးပြုသော မျောက်တံဆိပ် အနံ့ဆေးရည် (၁)ပုလင်းလျှင် (၁)လီတာခန့်စီပါသည့် (၆၀)ပုလင်းတို့အား တွေ့ရှိသဖြင့် သိမ်းဆည်းခဲ့ကြောင်း သိရသည်။

စိတ်ကြွဆေးပြားများ ထုတ်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား သယ်ဆောင်လာပြီး လက်နက်ဖြင့် ခုခံထွက်ပြေး လွတ်မြောက်သွားသူ အမည်မသိ အမျိုးသား(၂)ဦးအား စုံစမ်းဖော်ထုတ် အရေးယူပေးရန်အတွက် တာချီလိတ်မြို့မ ရဲစခန်းတွင် မယ(ပ)၁၂၂/၂၀၁၄၊ မူး/စိတ်ပုဒ်မ ၁၆(ခ)အရ အရေးယူ ဆောင်ရွက်ထားရှိကြောင်း သတင်းရရှိသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~