ဖတ်ဟိ(အထက်)နှင့် ဟွေဟေး ကျေးရွာသို့ အမျိုးသမီးရေးရာ နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေး တို့မှ သွားရောက်ကာ ပညာရေး၊ ကျန်းမာရေး ဆောင်ရွက်ပေး

ဖတ်ဟိ(အထက်)နှင့် ဟွေဟေး ကျေးရွာသို့ အမျိုးသမီးရေးရာ နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေး တို့မှ သွားရောက်ကာ ပညာရေး၊ ကျန်းမာရေး ဆောင်ရွက်ပေး
သြဂုတ် 19, 2014
By Tachileik News Agency

မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့မှ သက်ဆိုင်ရာ ဒေသများအလိုက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အဖြစ် မြို့နယ်များ၊ ကျေးလက်ဒေသများတွင် ကွင်းဆင်း၍ ဆောင်ရွက်နေလျက်ရှိရာ ယနေ့ ၂၀၁၄ခုနှစ် သြဂုတ်လ(၁၉)ရက် နေ့လည်ပိုင်းက တာချီလိတ်ခရိုင် အမျိုးသမီးရေးရာအဖွဲ့ နှင့် တာချီလိတ်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းတို့မှ တာချီလိတ်မြို့နယ် လွယ်တော်ခမ်းကျေးရွာအုပ်စု အတွင်းရှိ ဖတ်ဟိ(အထက်)ရွာ နှင့် ဟွေဟေးကျေးရွာသို့ သွားရောက်၍ ပညာရေး၊ ကျန်းမာရေး စသည့် လူမှုအကျိုးပြုလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဦးစွာပထမ တာချီလိတ်ခရိုင်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌ ဒေါ်ဝင်းဝင်းသန့် နှင့် အဖွဲ့ဝင်များ နှင့် တာချီလိတ်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဌ ဒေါ်အေးသန္တာကျော် နှင့် အဖွဲ့ဝင်များသည် ဟွေဟေးကျေးရွာ အခြေခံမူလတန်းကျောင်းသို့ သွားရောက်ပြီး တန်ဖိုးငွေ ဘတ် (၃၃၀၀)တန်ဖိုးရှိသည့် ကျောင်းဝတ်စုံများအား ပညာသင်ကြားနေသော အာခါတိုင်းရင်းသား ကလေးသူငယ်၊ ကျောင်းသား၊ ကျောင်းသူ (၃၂)ဦးထံ လက်ဝယ်အရောက် ၀တ်ဆင်ပေး၍ လှူဒါန်းခဲ့ကြသည်။

 အဆိုပါအဖွဲ့သည် အ.မ.က(ဟွေဟေး)တွင် လိုအပ်နေသော စာသင်ခုံအတွက် ထိုင်းဘတ်ငွေ (၁၀၀၀၀)တန်ဖိုးရှိသည့် စာရေးခုံ(၅)စုံကို ပေးအပ်လှူဒါန်းရာ အ.မ.က(ဟွေဟေး) ကျောင်းအုပ် ဆရာမကြီး ဒေါ်ခင်သက်ဝေ နှင့် ရွာသူရွာသားများက ၀မ်းမြောက်စွာ လက်ခံရယူခဲ့ကြသည်။ တဆက်တည်းမှာပင် အ.မ.က(ဟွေဟေး)တွင် ပညာသင်ကြားပေးနေသော ဆရာမ နှစ်ဦးအတွက် ထောက်ပံ့ငွေများကိုလည်း ပေးအပ်ကူညီခဲ့ကြသည်။

ဆက်လက်၍ တာချီလိတ်ခရိုင်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌ ဒေါ်ဝင်းဝင်းသန့် နှင့် အဖွဲ့ဝင်များ နှင့် တာချီလိတ်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဌ ဒေါ်အေးသန္တာကျော် နှင့် အဖွဲ့ဝင်များသည် ဖတ်ဟိ(အထက်)ရွာ အခြေခံပညာမူလတန်းကျောင်း(ခွဲ)ရှိ အာခါတိုင်းရင်းသား ကလေးသူငယ် ကျောင်းသား၊ ကျောင်းသူ (၂၅)ဦးအတွက် ကျောင်းဝတ်စုံများကို တိုက်ရိုက်ဝတ်ဆင်ပေးကာ လှူဒါန်းခဲ့ကြသည်။

တဆက်တည်းမှာပင် အဆိုပါအဖွဲ့သည် ထိုင်းဘတ်ငွေ (၁၀၀၀၀) တန်ဖိုးရှိသည့် စာရေးခုံ (၅)စုံကိုလည်း ပေးအပ်လှူဒါန်းရာ အ.မ.က(ခွဲ) ဖတ်ဟိ မှ ကျောင်းအုပ် ဆရာကြီး နှင့် ဆရာမများ အပါအ၀င် ရွာသူ ရွာသား၊ တိုင်းရင်းသားများက ၀မ်းမြောက်စွာ လက်ခံရယူခဲ့ကြသည်။

ယင်းနောက် အဆိုပါ အဖွဲ့နှင့်လိုက်ပါလာသည် တာချီလိတ်မြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ် တိုင်းရင်းဆေးခန်းမှူး ဒေါ်အိအိမွန် နှင့် အဖွဲ့မှ ဒေသခံ အာခါတိုင်းရင်းသား သက်ကြီးရွယ်အို နှင့် နာမကျန်း ဖြစ်နေသူများအား ဆေးဝါးများ ကုသပေးခြင်း၊ ကျန်းမာရေး စမ်းသပ်ပေးခြင်းများကို ဆောင်ရွက်ပေးခဲ့ကြသည်။

ထို့အတူပင် ဒေသခံ ရွာသူ ရွာသား၊ အာခါ တိုင်းရင်းသားများအား သဘာဝဘေးအန္တရာယ် ကြိုတင် တားဆီးကာကွယ်ရေး အသိပညာပေးအဖြစ် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ  မြို့ပြဘေး အန္တရာယ်လျော့ပါးရေး စီမံချက် ကွင်းဆင်းအရာရှိ ဦးမြင့်ဆွေ မှ ရှင်းလင်းဟောပြောရာ ဒေသခံ အာခါတိုင်းရင်းသားတစ်ဦးမှ ဘာသာပြန်၍ ရှင်းလင်းပြောကြားသည်။

ခရိုင် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌ ဒေါ်ဝင်းဝင်းသန့် နှင့် အဖွဲ့ဝင်များ နှင့် မြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း ဥက္ကဌ ဒေါ်အေးသန္တာကျော် နှင့် အဖွဲ့ဝင်များသည် ဖတ်ဟိ (အထက်)ရွာရှိ တိုင်းရင်းသူများအား အမျိုးသမီးရေးရာ အဖွဲ့ဝင် အဆိုပြုလွှာများအား ပေးအပ်ခြင်း၊ ရင်ထိုးများ ပေးအပ်ခြင်း နှင့် ခေါက်ဆွဲခြောက်ခြင်းများ ဝေငှခြင်းကို ဆောင်ရွက်ခဲ့ကြသည်။

တာချီလိတ်ခရိုင် အမျိုးသမီးရေးရာအဖွဲ့ နှင့် တာချီလိတ်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းတို့ ပါဝင်သည့် အဖွဲ့သည်  တို့ ဖတ်ဟိ(အထက်)ရွာရှိ သက်ကြီးရွယ်အို အာခါတိုင်းရင်းသား အဖိုး၊ အဖွား နှစ်ဦးအား အိမ်တိုင်အရောက် စားစရာများ နှင့် ထောက်ပံ့ငွေအား ပေးအပ်၍ ကန်တော့ခဲ့ကြသည်။

တာချီလိတ်ခရိုင် အမျိုးသမီးရေးရာအဖွဲ့ နှင့် တာချီလိတ်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းတို့ ပါဝင်သည့် အဖွဲ့သည် တိုင်းရင်းသား ကျေးရွာများသို့ သွားရောက်ကာ ကျန်းမာရေး အသိပညာပေးခြင်း၊ ပညာရေးထောက်ပံ့ခြင်း စသည်များကို ဆက်လက်ဆောင်ရွက်သွားရန် ရှိကြောင်း သိရှိရသည်။

သတင်း။   ။ ကိုဇောင်း

ပုံများကိုကြည့်ရန်
ဖတ်ဟိ(အထက်)နှင့် ဟွေဟေး ကျေးရွာသို့ ပညာရေး၊ ကျန်းမာရေး ဆောင်ရွက်

131 photos
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~ ကြော်ငြာ ~~~~~~~~~