ကျပ်သိန်းပေါင်း တစ်ထောင်ကျော် တန်ဖိုးရှိပြီး မူးယစ်ဆေးဝါး ထုတ်လုပ်ရာတွင် အသုံးပြုသည့် ဆေးရည်များ မိုင်းဆတ်ခရိုင် မယ်ကြုတ်၌ သိမ်းဆည်းရရှိ

ကျပ်သိန်းပေါင်း တစ်ထောင်ကျော် တန်ဖိုးရှိပြီး မူးယစ်ဆေးဝါး ထုတ်လုပ်ရာတွင် အသုံးပြုသည့် ဆေးရည်များ မိုင်းဆတ်ခရိုင် မယ်ကြုတ်၌ သိမ်းဆည်းရရှိ
သြဂုတ် 20, 2014
By Tachileik News Agency

ရှမ်းပြည်နယ်၊ အရှေ့ပိုင်းဒေသ၊ မိုင်းဆတ်ခရိုင် အတွင်းရှိ ပူနားကိုကျေးရွာ အနီးဝန်းကျင် နှင့် မယ်ကြုတ်ကျေးရွာ အနီးဝန်းကျင်တို့ကို မူးယစ်ဆေးဝါး နှင့် ပတ်သက်၍ နယ်မြေရှင်းလင်း ရှာဖွေမှုများအဖြစ် တပ်မတော် နှင့် မူးယစ်ရဲတပ်ဖွဲ့ဝင်တို့ ပူးပေါင်း၍ ဇူလိုင်လ နောက်ဆုံးအပတ်မှ စ၍ ဆောင်ရွက်လျှက်ရှိရာ အဆိုပါ နယ်မြေ အနီးဝန်းကျင်တွင် မူးယစ်ဆေးဝါးများ နှင့် မူးယစ်ဆေးဝါး ထုတ်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ ရှာဖွေ တွေ့ရှိ သိမ်းဆည်းရရှိမှုမှာ ကျပ်သန်းပေါင်းများစွာ ရှိပြီဖြစ်ရာ ဆက်လက်၍ သြဂုတ်လ (၁၉)ရက်နေ့ကလည်း မူးယစ်ဆေးဝါး ထုတ်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကို ရှာဖွေရရှိကြောင်း သိရသည်။

မိုင်းဆတ်မြို့နယ် မယ်ကြုတ်နယ်မြေ အတွင်း၌ သြဂုတ်လ(၁၉)ရက် မွန်းလွဲ(၁း၄၀)နာရီအချိန်က အမှတ်(၅၂၇) ခြေမြန်တပ်ရင်း နှင့် မူးယစ်တပ်ဖွဲ့တို့ ပူးပေါင်း၍ နယ်မြေရှင်းလင်းမှုများ ဆောင်ရွက်စဉ် ရေချောင်းဘေး တောင်စောင်းတွင် မြေကျင်းတူးကာ မြုပ်ထားသော မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသည့် (၅)ဂါလံဆံ့ အပြာရောင် ပလပ်စတစ်ပုံး (၃၂၀)ပုံးဖြင့် ထည့်ထားသော အက်ဆစ်တစ်အင်ဟိုက်ဒရိုက်ဆေးရည် (၇၂၇၃.၆)လီတာကို ရှာဖွေရရှိကြောင်း သိရသည်။

ရှာဖွေသိမ်းဆည်းရမိသည့် အက်ဆစ်တစ်အင်ဟိုက်ဒရိုက်ဆေးရည် များ၏ စုစုပေါင်း ကာလတန်ဖိုးငွေမှာ ကျပ်သိန်းပေါင်း ( ၁၀၉၁.၀၄)သိန်းရှိကြောင်း သိရသည်။ ယင်းအပြင် စိတ်ကြွဆေးပြားများကို အခြောက်ခံသည့် သွပ်ဖြင့် ပြုလုပ်ထားသော ဗန်းအခု(၂၀)ကိုလည်း တွေ့ရှိရကြောင်း သိရသည်။

နယ်မြေရှင်းလင်းရင်း ရှာဖွေသိမ်းဆည်းရရှိသည့် အဆိုပါ ဆက်စပ်ပစ္စည်းများကို ပိုင်ရှင်မဲ့အဖြစ် ယနေ့ သြဂုတ်လ(၂၀)ရက် နံနက်ပိုင်းက မိုင်းတွမ်းနယ်မြေရဲစခန်းတွင် မယ(ပ)၁၃/၂၀၁၄၊ မူး/စိတ်ပုဒ်မ ၁၆(ခ)အရ အမှုဖွင့်ဆောင်ရွက် ထားရှိကြောင်း သတင်းရရှိသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~ ကြော်ငြာ ~~~~~~~~~