တာချီလိတ်မြို့၏ တစ်ဖက်နိုင်ငံ မယ်ဆိုင်မြို့တွင် လမ်းဘေးပလက်ဖောင်းပေါ်ရှိ ဈေးသည်များအား ရှင်းထုတ်တော့မည်

တာချီလိတ်မြို့၏ တစ်ဖက်နိုင်ငံ မယ်ဆိုင်မြို့တွင် လမ်းဘေးပလက်ဖောင်းပေါ်ရှိ ဈေးသည်များအား ရှင်းထုတ်တော့မည်
သြဂုတ် 18, 2014
By Tachileik News Agency

တာချီလိတ်မြို့နှင့် နီးစပ်လျက်ရှိသော ထိုင်းနိုင်ငံ မယ်ဆိုင်မြို့၏ မြို့လယ်လမ်းမကြီး တစ်ဖက်တစ်ချက်ရှိ စည်ပင်ပိုင်နက် နေရာများတွင် ခင်းကျင်း၍ ဈေးရောင်းချနေမှုကို ၂၀၁၄ခုနှစ် သြဂုတ်လ (၂၅)ရက်နေ့ အထိသာ ခွင့်ပြုတော့မှာဖြစ်ကြောင်း ယနေ့ ၂၀၁၄ခုနှစ် သြဂုတ်လ(၁၈)ရက် နံနက်ပိုင်းက မယ်ဆိုင်မြို့ရှိ စည်ပင်၊ ရဲ နှင့် စစ်တပ်၊ ပြည်သူ့စစ်တို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့မှ လိုက်လံအသိပေးနေကြောင်း မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသား ဈေးသည်တစ်ဦး၏ ပြောပြချက်အရ သိရသည်။

"စည်ပင်ပိုင်အဖြစ် အုတ်ခဲတွေခင်းထားတဲ့ လမ်းဘေးပလက်ဖောင်းက လမ်းဘေးအိမ်များရဲ့ မျက်နှာစာ အထိ ရှိနေတာမို့ အိမ်ရှေ့မျက်နှာစာအရှေ့ အုတ်ခဲခင်းထားတဲ့ မလွတ်တဲ့ နေရာမှန်သမျှပေါ်မှာ ဈေးရောင်းချရင် ပစ္စည်းတွေ သိမ်းမယ်၊ လူကို အရေးယူမယ်လို့ ဒီနေ့ လာသတိပေးတဲ့ အဖွဲ့က ပြောပါတယ်"ဟု လမ်းဘေးတွင် ဈေးရောင်းချသူ မြန်မာနိုင်ငံသား ဈေးသည်တစ်ဦးက တာချီလိတ်အွန်လိုင်းသို့ ပြန်လည်ပြောပြသည်။

"အဲ့လို သတ်မှတ်လိုက်တဲ့ အထဲမှာ လမ်းဘေးဈေးသည် ၉၀ ရာခိုင်နှုန်းလောက်တော့ မလွတ်ဘူး၊ အမှန်က မူလအိမ်ရှင်တွေကလည်း စည်ပင်သာယာ အပိုင်မြေအစပ်အထိ အိမ်မျက်နှာစာတိုးပြီး ဆောက်ပြီးတော့မှ ငှားစားကြတာ၊ အဲ့လို နေရာတိုးယူပြီး အငှားချပေးထားတော့ စည်ပင်ပိုင်နက်ပေါ် ရောက်နေတဲ့ ဈေးသည်တွေ လွတ်မှာမဟုတ်ဘူး၊ လမ်းဘေးမှာ ဆိုင်ခန်းခတွေက တံတားနဲ့နီးလေလေ ငှားခ ဈေးကြီးလေလေပဲ သူတို့ငှားခနဲ့တင် ဆိုင်ခန်းအပိုင်တွေ တွက်လိုက်ရင် တစ်လတစ်လ ဘတ်သိန်းချီဝင်တယ်၊"ဟု ၎င်းမှ ဆက်လက်ပြောပြသည်။

( အုတ်ခဲခင်းထားသည့် လမ်းဘေးပလက်ဖောင်း )

"ကျွန်မတို့ကို ဒီမနက် စည်ပင်က လူကြီးတွေရော၊ စစ်သားတွေရော၊ မော်တော်ပီကယ်တွေ နဲ့ ပြည်သူစစ်အဖွဲ့တွေ စုစုပေါင်း အယောက် (၂၀)၀န်းကျင်လောက်ရှိမယ်၊ တစ်ဆိုင်ချင်းစီကို ၀င်ထွက်ပြီး သြဂုတ်လ(၂၅)ရက်နေ့ ကျော်သွားရင်  ရောင်းလို့မရတော့ဘူး ဆိုတဲ့အကြောင်း၊ ဆက်လက် ရောင်းချမယ်ဆိုရင် ဥပဒေအရ အရေးယူမယ်လို့ အေးအေးဆေးဆေးပြောသွားပါတယ်၊ တာချီလိတ်က ဈေးလာရောင်းတဲ့ ဈေးသည်တွေကိုလည်း ဒီကိစ္စ သိစေချင်ပါတယ်"ဟု မြန်မာနိုင်ငံသား ကျောက်ဘီဒို ဈေးသည်တစ်ဦးမှလည်း တာချီလိတ်အွန်လိုင်းသို့ ပြောပြသည်။

လမ်းဘေး ပလက်ဖောင်းပေါ် ဈေးရောင်းချနေမှုကို သြဂုတ်လ (၂၅)ရက်နေ့ နောက်ဆုံးထားပြီး သြဂုတ်လ (၂၆)ရက်နေ့ စတင်ကာ ဖမ်းဆီး အရေးယူမှုများကို ဆောင်ရွက်သွားမှာဖြစ်သလို ယခုလို လမ်းဘေး ပလက်ဖောင်းပေါ်ရှိ ဈေးသည်များအား ရှင်းလင်းမှုသည် ချင်းရိုင်းခရိုင် တစ်ခုလုံးကို သတ်မှတ်ထားတာဖြစ်ကြောင်း သိရသည်။

သတင်း ။   ။ ကိုဇောင်း
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~ ကြော်ငြာ ~~~~~~~~~