လားဟူတိုင်းရင်းသား ကျေးရွာသို့ အမျိုးသမီးရေးရာ နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေး တို့မှ သွားရောက်ကာ ပညာရေး၊ ကျန်းမာရေး ဆောင်ရွက်ပေး

လားဟူတိုင်းရင်းသား ကျေးရွာသို့ အမျိုးသမီးရေးရာ နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေး တို့မှ သွားရောက်ကာ ပညာရေး၊ ကျန်းမာရေး ဆောင်ရွက်ပေး
သြဂုတ် 20, 2014
By Tachileik News Agency

မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ နှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းတို့မှ သက်ဆိုင်ရာ ဒေသများအလိုက် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ အဖြစ် မြို့နယ်များ၊ ကျေးလက်ဒေသများတွင် ကွင်းဆင်း၍ ဆောင်ရွက်နေလျက်ရှိသကဲ့သို့ ထိုင်း - မြန်မာ နယ်စပ်ဖြစ်သည့် တာချီလိတ်မြို့ရှိ ရှမ်း၊ အာခါ၊ လားဟူ စသည့် တိုင်းရင်းသား ကျေးရွာများသို့ တာချီလိတ်ခရိုင် အမျိုးသမီးရေးရာအဖွဲ့ နှင့် တာချီလိတ်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းတို့မှ သွားရောက်၍ ကျန်းမာရေး၊ ပညာရေး နှင့် သဘာဝဘေး အန္တရာယ်ထိန်းသိမ်းရေး စသည့် ကိစ္စရပ်များကို ဆောင်ရွက်နေလျှက်ရှိရာ ယနေ့ ၂၀၁၄ခုနှစ် သြဂုတ်လ (၂၀)ရက် နံနက်(၁၀)နာရီအချိန်က တာချီလိတ်မြို့နယ် မိုင်းဟဲကျေးရွာအုပ်စု အတွင်းရှိ  အ.မ.က (ပန်ကူ)တွင် ပညာရေးထောက်ပံ့မှု့နှင့် ကျန်းမာရေး အသိပညာပေး ဟောပြောမှုများအဖြစ် လူမှုအကျိုးပြု လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ သွားရောက်ရာတွင် တာချီလိတ်ခရိုင် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌ ဒေါ်ဝင်းဝင်းသန့် နှင့် အဖွဲ့ဝင်များ၊  တာချီလိတ်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဌ ဒေါ်အေးသန္တာကျော် နှင့် အဖွဲ့ဝင်များပါဝင်ပြီး ၎င်းတို့သည် အ.မ.က(ပန်ကူ)တွင် ပညာရေးထောက်ပံ့မှုတရပ်အဖြစ် ကျောင်းဝတ်စုံများ၊ စာရေးခုံများ၊ ကျောင်းသုံးစာရေးကိရိယာများကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ထိုသို့ပေးအပ်လှူဒါန်းရာတွင် ထိုင်းဘတ်ငွေ (၁၀၀၀၀)တန်ဖိုးရှိသည် ကျောင်းသုံး စာရေးခုံ(၅)စုံကို အ.မ.က (ပန်ကူ)သို့ ပေးအပ်လှူဒါန်းရာ ကျောင်းတာဝန်ခံ ဆရာမ ဒေါ်နာထီး နှင့် ဆရာမများက ၀မ်းမြောက်စွာဖြင့် လက်ခံရယူခဲ့ကြသည်။

ဆက်လက်၍ အဆိုပါအဖွဲ့သည် အ.မ.က(ပန်ကူ)ရှိ ကျောင်းသား၊ ကျောင်းသူ ကလေးသူငယ် (၄၈)ဦးအား ကျောင်းဝတ်စုံများ ၀တ်ဆင်လှူဒါန်းပေးခြင်း၊ ကျောင်းသုံး စာရေးကိရိယာများဖြစ်သည့် စာအုပ်၊ ခဲတံ၊ ပေတံ နှင့် ချွန်စက် စသည်များကို ပေးအပ်လှူဒါန်းခြင်းများကို ပြုလုပ်ရာ ကျောင်းသား၊ ကျောင်းသူများ နှင့် ကျောင်းသားမိဘများမှ ၀မ်းမြောက်ဝမ်းသာဖြစ်နေကြတာကိုလည်း တွေ့ရှိရသည်။

ယင်းနောက် အဆိုပါ ကျောင်းသား၊ ကျောင်းသူ ကလေးသူငယ်များအား တစ်ကိုယ်ရေ သန့်ရှင်းမှုနှင့် ပတ်သက်၍ တာချီလိတ်ခရိုင် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌ ဒေါ်ဝင်းဝင်းသန့် နှင့် တာချီလိတ်မြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း ဥက္ကဌ ဒေါ်အေးသန္တာကျော်တို့မှ အသိပညာပေး ပြောကြားသည်။

ပညာရေးထောက်ပံ့မှု ပြီးသည့်နောက်မှာ ပန်ကူကျေးရွာအတွင်းရှိ ရွာသူ၊ ရွာသား လားဟူတိုင်းရင်းသားများအား ကျန်းမာရေးအသိပညာပေး အဖြစ် HIV/AIDS ရောဂါအကြောင်း သိရှိနားလည်စေရန်အတွက် ဟောပြောပွဲကို ကျင်းပပြုလုပ်ရာ ကျေးလက် ကျန်းမာရေး သူနာပြုမှ ဟောပြောသည်ကို ဒေသခံ လားဟူတိုင်းရင်းသူတစ်ဦးမှ ဘာသာပြန်၍ ပြန်လည် ရှင်းလင်းပြောကြား ပေးသည်။

တဆက်တည်းမှာပင် ကျန်းမာရေး အသိပညာပေး ဟောပြောပွဲသို့ တက်ရောက်လာသည့် လားဟူတိုင်းရင်းသား ရွာသူ၊ ရွာသားများအား ခေါက်ဆွဲခြောက်များ နှင့် နို့ဗူးများ ထောက်ပံ့ပေးအပ် ဝေငှခဲ့ကြသည်။

တာချီလိတ်ခရိုင် အမျိုးသမီးရေးရာအဖွဲ့ နှင့် တာချီလိတ်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းတို့ ပါဝင်သည့် အဖွဲ့သည် လေးလတစ်ကြိမ် ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်မှုအဖြစ် ဆောင်ရွက်လျှက်ရှိရာ သြဂုတ်လ (၂၁)ရက်နေ့တွင် မိုင်းကိုးကျေးရွာအုပ်စုသို့ သွားရောက်၍ ပညာရေး၊ ကျန်းမာရေး အသိပညာပေးမှုများအဖြစ် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း သိရှိရသည်။

သတင်း။  ။ ကိုဇောင်း
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~ ကြော်ငြာ ~~~~~~~~~