တာချီလိတ်မြို့ ဟွေရဲပူးပေါင်းစစ်ဆေးရေးစခန်း၌ စိတ်ကြွဆေးပြားများ ဖမ်းဆီးရရှိ

တာချီလိတ်မြို့ ဟွေရဲပူးပေါင်းစစ်ဆေးရေးစခန်း၌ စိတ်ကြွဆေးပြားများ ဖမ်းဆီးရရှိ
ဇူလိုင် 19, 2014
By Tachileik News Agency

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ၊ တာချီလိတ်မြို့နယ်၊ ဟွေရဲပူးပေါင်းစစ်ဆေးရေးစခန်းတွင် မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ် ပါဝင်သည့် ပူးပေါင်းအဖွဲ့မှ ဇူလိုင်လ(၁၈)ရက် မွန်းလွဲ(၂)နာရီအချိန်ခန့်က စိတ်ကြွဆေးပြား (၁၁၈၅)ပြားကို သယ်ဆောင်လာသူနှင့်အတူ ဖမ်းဆီးရရှိကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ ရဲအုပ်စိုင်းခမ်းစိုင်း ဦးစီးသည့် ပူးပေါင်းအဖွဲ့တို့သည် တာချီလိတ်မြို့နယ်၊ ဟွေရဲပူးပေါင်းစစ်ဆေးရေးစခန်းတွင် မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ သတင်းရရှိထားသည့်အတွက် ယာဉ်သွားယာဉ်လာများအား စစ်ဆေးနေကြစဉ် မိုင်းဆတ်ဘက်မှ တာချီလိတ်ဘက်သို့ လီဒူ မောင်းနှင်ပြီး လီဆား လိုက်ပါလာသည့် ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေခဲ့ကြသည်။

ထိုသို့ စစ်ဆေးရှာဖွေရာတွင် ဆိုင်ကယ်ဖင်ထိုင်ခုံအောက်၌ သိုဝှက်ထားပြီး အပြာရောင်ပလပ်စတစ်အိတ်ငယ်များဖြင့် ထည့်ထားသည့် Wy စာတမ်းပါ ပန်းရောင် စိတ်ကြွဆေးပြား စုစုပေါင်း (၁၁၈၅)ပြားကို ရှာဖွေတွေ့ရှိရာ အဆိုပါ ဆေးပြားများ၏ ကာလတန်ဖိုးငွေမှာ ကျပ်ငွေ(၂၉)သိန်းကျော် တန်ဖိုးရှိကြောင်း သိရသည်။

ဆက်လက်၍ အဆိုပါ စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်းဆီးရမိသူများအား တာချီလိတ်မြို့မရဲစခန်းမှ မယ(ပ)၁၀၁/၂၀၁၄ မူး/စိတ် ပုဒ်မ ၁၅/၁၉(က)/၂၁ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~