ရဲတပ်ဖွဲ့နှင့် ပေါင်းစပ်ဆောင်ရွက်ရာတွင် တာဝန်ယူရမည့် လုပ်ငန်းကဏ္ဍများအလိုက် အလုပ်ရုံဆွေးနွေးပွဲ တာချီလိတ်၌ ပြုလုပ်

ရဲတပ်ဖွဲ့နှင့် ပေါင်းစပ်ဆောင်ရွက်ရာတွင် တာဝန်ယူရမည့် လုပ်ငန်းကဏ္ဍများအလိုက် အလုပ်ရုံဆွေးနွေးပွဲ တာချီလိတ်၌ ပြုလုပ်
ဇူလိုင် 15, 2014
By Tachileik News Agency

နိုင်ငံတော်၏ ပြုပြင်ပြောင်းလဲမှုများအား တတိယအဆင့် အရှိန်မြှင့်တင်မှု (Third Wave) လုပ်ငန်းစဉ် (၁)ကို အကောင်အထည်ဖော်ဆောင်ရွက်မည့် အစီအမံများနှင့်အညီ "ရဲတပ်ဖွဲ့နှင့် ပေါင်းစပ်ဆောင်ရွက်ရာတွင် တာဝန်ယူရမည့် လုပ်ငန်းကဏ္ဍများအလိုက်" အလုပ်ရုံဆွေးနွေးပွဲအား ယနေ့ ၂၀၁၄ခုနှစ် ဇူလိုင်လ(၁၅)ရက် နံနက်(၈း၃၀)နာရီအချိန်က တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးရှိ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် တာချီလိတ်ခရိုင် ရဲတပ်ဖွဲ့မှူး ဒု-ရဲမှူးကြီးဝင်းထွန်း နှင့် ဒုခရိုင်ရဲတပ်ဖွဲ့မှူး၊ ခရိုင်တရားသူကြီး၊ ခရိုင်ဥပဒေအရာရှိ၊ စသည့် ခရိုင်/မြို့နယ်အဆင့်ရှိ သက်ဆိုင်ရာ အကြီးအကဲများ နှင့် တာချီလိတ်ခရိုင်မှ ရဲတပ်ဖွဲ့ဝင် အရာထမ်း/အမှုထမ်းတပ်ဖွဲ့ဝင်များ စုစုပေါင်း (၄၂)ဦး တက်ရောက်၍ ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

Third Wave လုပ်ငန်းစဉ်နှင့် ပတ်သက်၍ ပြီးခဲ့သော ဇွန်လ(၂၇)က နေပြည်တော်တွင် ပြုလုပ်ကျင်းပခဲ့သော မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် နိုင်ငံတော်၏ ပြုပြင်ပြောင်းလဲမှုများအား တတိယအဆင့် အရှိန်မြှင့်တင်မှု (Third Wave) လုပ်ငန်းစဉ်များ ရှင်းလင်းဆွေးနွေးပွဲတွင် "နိုင်ငံတော် အစိုးရသည် ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာတွင် ပြုပြင်ပြောင်းလဲမှု များကို အကောင်အထည်ဖော်လျက်ရှိရာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုကို(First Wave)အဖြစ် ညင်သာ ချောမွေ့စွာ ပြောင်းလဲနိုင်ခဲ့ပြီး ဒုတိယအဆင့်(Second Wave) အဖြစ် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုနှင့်အတူ စီးပွားရေးနှင့် လူမှုရေးပြုပြင်ပြောင်းလဲမှု၊ အစိုးရယန္တရား တိုးတက်ကောင်းမွန်အောင် ပြုပြင်ပြောင်းလဲမှုနှင့် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးပြုပြင်ပြောင်းလဲမှုစသည့် ပြုပြင်ပြောင်းလဲမှုတို့ကို မဟာဗျူဟာ လုပ်ငန်းစဉ်များအဖြစ်ချမှတ်ပြီး အရှိန်မြှင့်တင်ဆောင်ရွက်ခဲ့ပါကြောင်း၊ ဒီမိုကရေစီ နိုင်ငံသစ်ထူထောင်ရေးကို ရေရှည်အခြေခံအုတ်မြစ် ခိုင်မာရေးအတွက် ချမှတ်ပေးရမယ့်အပိုင်းနဲ့ ပြည်သူတို့ရဲ့ လူမှုစီးပွားဦးစားပေး လိုအပ်ချက်တွေကို ချက်ချင်း ဆောင်ရွက်ပေးရမယ့် အပိုင်းတွေကို တတိယအဆင့်(Third Wave)အဖြစ် အရှိန်မြှင့်တင်ပြီး လုပ်ငန်းစဉ်(၅)ရပ်နဲ့ ထိထိရောက်ရောက် အကောင်အထည်ဖော်ဆောင်ရွက်နေကြောင်း၊ နိုင်ငံတော်ပြုပြင်ပြောင်းလဲရေး၏ ကနဦးကာလ၌ပင် နိုင်ငံတော်သမ္မတကြီးက ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးကို အဓိကထားဆောင်ရွက်နေကြရသော မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ပြည်သူဗဟိုပြုသော ရဲလုပ်ငန်းသို့ ပြုပြင်ပြောင်းလဲသွားရန် လမ်းညွှန်မိန့်ကြားခဲ့ကြောင်း၊ ဤသည်မှာ ဒီမိုကရေစီခေတ်နှင့် ကိုက်ညီသော ရဲလုပ်ငန်းပင်ဖြစ်ပါကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် နိုင်ငံတော် ပြုပြင်ပြောင်းလဲရေး၏ ရှေးဦးအဆင့်မှသည် ယခုတိုင် ရဲတပ်ဖွဲ့ပြုပြင်ပြောင်းလဲရေး တွင် အရှိန်အဟုန်ဖြင့် ပါဝင်လျက်ရှိပါကြောင်း" မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ်၊ ရဲချုပ် ဇော်ဝင်းမှ  ပြောကြားခဲ့သည်ကို ရဲဇာနည်မှတဆင့် သိရှိရသည်။

သတင်း။  ။ ကိုဇောင်း
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~