NLD နှင့် ၈၈ မျိုးဆက် (ငြိမ်း/ပွင့်) အဖွဲ့မှ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး တာချီလိတ်၌ လူထုတွေ့ဆုံ ဟောပြော

NLD နှင့် ၈၈ မျိုးဆက် (ငြိမ်း/ပွင့်) အဖွဲ့မှ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး တာချီလိတ်၌ လူထုတွေ့ဆုံ ဟောပြော
ဇူလိုင် 6, 2014
By Tachileik News Agency

ရှမ်းပြည်တောင်ပိုင်းမှစ၍ ရှမ်းပြည်အရှေ့ပိုင်းဒေသထိ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုဟောပြောပွဲများ ပြုလုပ်ခဲ့ကြသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နှင့် ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) တို့သည် ယနေ့ ၂၀၁၄ခုနှစ် ဇူလိုင်လ(၆)ရက် နံနက်(၉)နာရီအချိန်မှစ၍ နေ့လည်(၁၂)နာရီအချိန်ထိ တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက်၊ မေဖလားဝါးကွင်းရှိ ဟုတ်တက်တရုတ်ဘုံကျောင်း မင်္ဂလာခန်းမတွင် လူထုဟောပြောပွဲပြုလုပ်ရာ စိတ်ပါဝင်စားသူများပြားစွာ တက်ရောက်လာခဲ့ကြတာကို တွေ့ရှိရသည်။

အဆိုပါ လူထုဟောပြောပွဲတွင် ပထမဦးစွာ NLD ၏ ဗဟို ဥပဒေအထောက်အကူပြုအဖွဲ့ဝင် တရားလွှတ်တော်ရှေ့နေကြီး ဦးအောင်သိန်းက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပေဒေ ပုဒ်မ-၄၃၆အား အဘယ့်ကြောင့် ပြင်ဆင်သင့်ကြောင်းကို ရှင်းလင်းဟောပြော ဆွေးနွေးသွားခဲ့သည်။

ယင်းနောက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ-၄၃၆အား  ပြင်နိုင်ရန်အတွက် ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးဂျင်မီက "ပြည်သူ့ကိုယ်စားလှယ်များက လွှတ်တော်တွင် တင်ပြသည့်အဆိုကို ရွေးချယ်ခံထားသည့် တပ်မတော်ဘက်မှ ကိုယ်စားလှယ်များက ဟင့်အင်း ဟုငြင်းပယ်လိုက်ပါက ဤအဆိုသည် ပယ်ခံရမှာဖြစ်သည့်အတွက်  ပုဒ်မ-၄၃၆ကို ပြင်ရန်လိုကြောင်း စသည်ဖြင့် အသေးစိတ်ရှင်းလင်း ဟောပြော ဆွေးနွေးသွားသည်။

ဆက်လက်၍  ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ-၄၃၆အား ပြင်ဆင်သင့်ကြောင်းကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ နာယက ဦးတင်ဦး မှ မိနစ်(၃၀)ကျော်အကြာ ၎င်း၏ အတွေ့အကြုံနှင့် လက်ရှိနိုင်ငံရေးအနေအထား သဘောတရားများကို ဟောပြောသွားခဲ့သည်။

တဆက်တည်းမှာပင်  ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ-၄၃၆ ပြင်ဆင်ရေးတွင် ပြည်သူလူထုက လက်မှတ်ရေးထိုးပါဝင်ဆောင်ရွက်ရန် နည်းလမ်းများကို စာရေးဆရာ ဦးထင်လင်းဦး က အချိန်(၁၅)မိနစ်အကြာ ရှင်းလင်းတင်ပြသွားခဲ့သည်။

အဆိုပါ လူထုဟောပြောပွဲတွင် တက်ရောက်လာသူများမှ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ-၄၃၆ ပြင်ဆင်ရေးနှင့် ပတ်သက်၍ ထောက်ခံသောအားဖြင့် လက်မှတ်ရေးထိုးကြတာကိုလည်း တွေ့ရှိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နှင့် ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) တို့သည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေး အတွက် လူထုတွေ့ဆုံပွဲများကို ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် ကျိုင်းတုံ နှင့် မိုင်းဖြတ်တို့တွင် ဟောပြောခဲ့ကြပြီးနောက် ယနေ့ ဇူလိုင်လ(၆)ရက်နေ့တွင် တာချီလိတ်မြို့၌ ဟောပြောခဲ့ကြခြင်းဖြစ်သည်။

သတင်း။  ။ ကိုဇောင်း
ဓါတ်ပုံ။   ။ ကောင်းဆက်လင်း ( ဓါတ်ပုံဗီဒီယို )
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~ ကြော်ငြာ ~~~~~~~~~