မဲခေါင်မြစ်ဝှမ်းဒေသ မူးယစ်ဆေးဝါး အခြေအနေများ မြန်မာ နှင့် တရုတ်တို့ သတင်းဖလှယ်ဆွေးနွေး

မဲခေါင်မြစ်ဝှမ်းဒေသ မူးယစ်ဆေးဝါး အခြေအနေများ မြန်မာ နှင့် တရုတ်တို့ သတင်းဖလှယ်ဆွေးနွေး
ဇူလိုင် 24, 2014
By Tachileik News Agency

တရုတ်နိုင်ငံ၊ အမျိုးသားမူးယစ်ဆေးဝါး ထိန်းချုပ်ရေးကော်မတီရှင်မှ ဒုတိယအထွေထွေအတွင်းရေးမှူးချုပ် Mr. An Guojun ဦးဆောင်သည့် တရုတ်ကိုယ်စားလှယ်အဖွဲ့ဝင် (၈)ဦးသည် မဲခေါင်မြစ်ဝှမ်းဒေသ မူးယစ်ဆေးဝါးအခြေအနေများ သတင်းဖလှယ်ဆွေးနွေးပွဲသို့ တက်ရောက်ရန်အတွက် ယနေ့ ဇူလိုင်လ(၂၄)ရက် နံနက်(၁၀)နာရီအချိန်က ထိုင်း-မြန်မာ ချစ်ကြည်ရေးအမှတ်(၁)တံတားမှတဆင့် တာချီလိတ်မြို့သို့ ၀င်ရောက်လာခဲ့ပြီး မြန်မာနိုင်ငံဘက်မှ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး(ကျိုင်းတုံ) ဒုတိယရဲမှူးကြီးကျော်ထွန်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ (၁၀)ဦးနှင့် တွေ့ဆုံ၍ မဲခေါင်မြစ်ဝှမ်းဒေသ မူးယစ်ဆေးဝါးအခြေအနေများအား ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံဆွေးနွေးပွဲတွင် မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဒုရဲမှူးကြီးကျော်ထွန်း နှင့် တရုတ်ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် Mr. An Guojun တို့မှ အဖွင့်အမှာစကားပြောကြားပြီး မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့စု(၃၀)တာချီလိတ်၏ တပ်ဖွဲ့စုမှူး ဒုရဲမှူးသန်းရွှေမှ တာချီလိတ်ခရိုင်နှင့် မိုင်းဆတ်ခရိုင်အတွင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးဆောင်ရွက်မှု အခြေအနေများနှင့် မဲခေါင်မြစ်ကြောင်းတစ်လျှောက်တွင် မူးယစ်ဆေးဝါးနှင့် လုံခြုံရေး ပူးပေါင်းဆောင်ရွက်ရာ၌ တာချီလိတ်ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များ၊ ကျိုင်းလပ်/မိုင်းပါလျှိုး/၀မ်ပုံနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ ရေကြောင်းရဲတပ်ဖွဲ့စု(၀မ်ပုံ)မှ ရဲတပ်ဖွဲ့ဝင်များ၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့စု(၃၀)တာချီလိတ်နှင့် တပ်ဖွဲ့စု(၂၉)မိုင်းဆတ်မှ ရဲတပ်ဖွဲ့ဝင်များအပြင် ကျိုင်းလပ်/၀မ်ပုံ/တာချီလိတ်(BLO)ရုံးမှ ရဲတပ်ဖွဲ့ဝင်များဖြင့် အင်အားတိုးမြှင့်ပြီး အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နေမှု အခြေအနေများအား ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြခဲ့ကြသည်။

ဆက်လက်၍ တရုတ်ကိုယ်စားလှယ်အဖွဲ့မှ မေးမြန်းသည့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ကိစ္စရပ်များအား မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဒုရဲမှူးကြီးကျော်ထွန်းမှ ပြန်လည်ဖြေကြားခဲ့ပြီးနောက် တရုတ်ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် Mr. An Guojun အား အမှတ်တရလက်ဆောင်ပစ္စည်း ပေးအပ်ခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် အဆိုပါ ကိုယ်စားလှယ်အဖွဲ့ နှစ်ဖွဲ့တို့သည် မြန်မာ - ထိုင်း - လာအို (၃)နိုင်ငံဆုံရာ ရွှေတြိဂံဒေသသို့ ရောက်ရှိလေ့လာခဲ့ကြည့်ပြီးနောက် ၀မ်ပုံအပြည်ပြည်ဆိုင်ရာဆိပ်ကမ်းသို့သွားရောက်ရာ ၀မ်ပုံအပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းတွင် တရုတ်ကိုယ်စားလှယ်အဖွဲ့အား ရေကြောင်းရဲတပ်ဖွဲ့စု(၀မ်ပုံ)၊ တပ်ဖွဲ့စုမှူး ဒုရဲမှူးကြီးအောင်ဇော်မြင့်မှ မဲခေါင်မြစ်ကြောင်းအတွင်း လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

အဆိုပါအဖွဲ့တို့သည် ၀မ်ပုံဆိပ်ကမ်းမှ ထွက်ခွာလာခဲ့ပြီးနောက် တာချီလိတ်သို့ လာရောက်သော တရုတ်ကိုယ်စားလှယ်အဖွဲ့ (၈)ဦးသည် မြန်မာ - ထိုင်း အမှတ်(၁)ချစ်ကြည်ရေးတံတားမှ တဆင့် ထိုင်းနိုင်ငံဘက်သို့ ပြန်လည်ထွက်ခွာသွားကြောင်း သိရှိရသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~ ကြော်ငြာ ~~~~~~~~~