တာချီလိတ်၌ မိုးရွာ၍ မြေထိန်းနံရံပြိုကျရာမှ လွတ်မြောက်လာသူ (၄)ဦးအား စိတ်အားမငယ်ရန်အတွက် ဒေသအုပ်ချုပ်ရေးဆိုင်ရာ အကြီးအကဲများမှ အားပေးရင်း ဆေးကုသငွေထောက်ပံ့

တာချီလိတ်၌ မိုးရွာ၍ မြေထိန်းနံရံပြိုကျရာမှ လွတ်မြောက်လာသူ (၄)ဦးအား စိတ်အားမငယ်ရန်အတွက် ဒေသအုပ်ချုပ်ရေးဆိုင်ရာ အကြီးအကဲများမှ အားပေးရင်း ဆေးကုသငွေထောက်ပံ့
ဇူလိုင် 14, 2014
By Tachileik News Agency

၂၀၁၄ခုနှစ် ဇူလိုင်လ(၁၃)ရက်နေ့ နံနက်(၃)နာရီအချိန်ခန့်က တာချီလိတ်မြို့၊ ၀မ်ကောင်းရပ်ကွက်ထဲရှိ မြန်မာရွာတွင် မိုးသည်းထန်စွာ ရွာသွန်းမှု ဖြစ်ပွားပြီးနောက်မှာ ကျောက်ကြီးစီထားသော မြေထိန်းနံရံသည် နေအိမ်အခန်းငှားပေါ်ကို ပြိုကျလာပြီးနောက် ကလေး (၃)ဦးနှင့် လူကြီး(၄)ဦး စုစုပေါင်း (၇)ဦး သေဆုံးခဲ့ပြီး (၄)ဦး ဒဏ်ရာ ရရှိသည့်ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပါသည်။

( ရုပ်သံ )

ထိုသို့ ဖြစ်ပွားမှုကြောင့် အမျိုးသား(၂)ဦး အမျိုးသမီး(၂)ဦး စုစုပေါင်း(၄)ဦးကို တာချီလိတ်ပြည်သူ့ဆေးရုံသို့ ဆေးဝါးကုသနိုင်ရန်အတွက် ပို့ဆောင်ထားပြီးနောက် ယနေ့ ၂၀၁၄ခုနှစ် ဇူလိုင်လ(၁၄)ရက် နံနက်ပိုင်းတွင် တာချီလိတ်(အခြေချ) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဇော်နိုင်ဦး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်မေထွန်း၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းတို့ ပါဝင်သည့် ခရိုင်/မြို့နယ်အဆင့်ရှိ ဌာနဆိုင်ရာ အကြီးအကဲများက ဆေးရုံအတွင်း သွားရောက်ပြီး လူနာများအား လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးနိုင်ရန်အတွက် ကြည့်ရှု အားပေးခဲ့ကြသည်။

ထိခိုက်ဒဏ်ရာရ လူနာ(၄)ဦးဖြစ်သည့် အသက် (၃၉)နှစ်ရှိ ဦးအောင်ကျော်လွင်၊ အသက်(၂၇)နှစ်ရှိ ကိုမျိုးလင်းအောင်၊ အသက်(၃၇)နှစ်ရှိ ဒေါ်လဲ့လဲ့မြင့် နှင့် အသက်(၂၇)နှစ်ရှိ မစန်းစန်းမြင့်တို့အား အဆိုပါ အဖွဲ့မှ တစ်ဦးလျှင် ထိုင်းဘတ်ငွေ (၂၀၀၀)နှုန်းဖြင့် စုစုပေါင်း (၈၀၀၀)ဘတ်ကို လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ထိုသို့ ထောက်ပံ့ရင်းနှင့် စစ်ဗျူဟာမှူးကြီး နှင့် ခရိုင်/မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့မှ အဆိုပါ လူနာများအား လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးနိုင်ရန်နှင့် သက်သာသည်အထိ ဆေးကုသမှုခံယူနိုင်ရန်အတွက် ဆောင်ရွက်ပေးနိုင်ရန် ဆေးရုံရှိ တာဝန်ရှိသူများအား ညွှန်ကြားပြီးနောက် ထိခိုက်ဒဏ်ရာရ လူနာများအား စိတ်အားမငယ်စေရန်နှင့် လိုအပ်သည့် အကူအညီများရှိလာပါက ၎င်းတို့ထံ တိုက်ရိုက်ပြောဆိုနိုင်ကြောင်း စသည်ဖြင့် စစ်ဗျူဟာမှူးကြီး နှင့် ခရိုင်/မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့မှ အားပေးစကား ထပ်လောင်းပြောကြားသွားခဲ့ကြသည်။

ပြိုကျမှု အသက်ဘေးမှ လွတ်မြောက်လာသူ အသက်(၃၉)နှစ်အရွယ် ဦးအောင်ကျော်လွင်က "ဖြစ်တာက တစ်နာရီခွဲလောက်ပေါ့ မိုးတွေက တအားရွာနေတဲ့အချိန်မှာ ခြင်ထောင်ပေါ် မိုးကကျတော့ ကျွန်တော့်အမျိုးသမီးက မိုးကျနေတယ် ဟိုဘက်နည်းနည်းတိုးလို့ ပြောနေတဲ့အချိန်မှာ ကျွန်တော်က နည်းနည်းရွှေ့လိုက်ချိန်မှာပဲ ဗြုန်းဆို အပေါ်ကနေပြုတ်ကျတယ်၊ အဲ့လို ပြုတ်ကျလာချိန်မှာ မိုးကြိုးပစ်တယ်လို့ ထင်လိုက်တာ၊ နောက်ပြီးမှ နံရံတွေက တဖြေးဖြေး ပြိုကျလာပြီးတော့ လူပေါ်ကို ပိသွားတာ၊ အဲ့လို ပိနေတဲ့အချိန်မှာ မိန်းမရေ ပိသွားပြီလို့ ပြောနေရင်းမှာပဲ သတိလစ်သွားတယ်.."ဟု တာချီလိတ်အွန်လိုင်းသို့ ပြောပြလာသည်။

ယင်းကဲ့သို့ပင် မြေပြိုမှု ဖြစ်ပွားသည့် နေ့ဖြစ်သည့် ဇူလိုင်လ(၁၃)ရက်နေ့ ညနေ(၅)နာရီအချိန်က တာချီလိတ်မြို့ နဂါးနှစ်ကောင်ကျောင်းတိုက်ဆရာတော် အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက အဂ္ဂမဟာပဏ္ဍိတ Honorary Ph.D. နဂါးနှစ်ကောင်ဆရာတော် ဘုရားကြီး "ဘဒ္ဒန္တဓမ္မသီရိ"၏ ညွှန်ကြားမှုအရ မြေပြိုရာတွင် အသက်မသေဘဲ လွတ်မြောက်လာခဲ့သော အဆိုပါ (၄)ဦးအား ထောက်ပံ့ငွေအဖြစ် တစ်ဦးလျှင် ထိုင်းဘတ်ငွေ (၅၀၀၀)နှုန်းဖြင့် စုစုပေါင်း ထိုင်းဘတ်ငွေ (၂၀၀၀၀)ဘတ်တိတိကိုလည်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်းနှင့် ဇူလိုင်လ(၁၅)ရက်နေ့တွင်လည်း နဂါးနှစ်ကောင်ဆရာတော်ဘုရားကြီးမှ ထပ်မံ လှူဒါန်းသွားမည်ဖြစ်ကြောင်းလည်း သိရှိရသည်။

သတင်း။   ။ ကိုဇောင်း

ပုံများကိုကြည့်ရန်
မိုးရွာ၍ မြေထိန်းနံရံပြိုကျရာမှ လွတ်မြောက်လာသူ ၄ဦး ဆေးကုသမှုခံယူ

26 photos
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~ ကြော်ငြာ ~~~~~~~~~