သင်္ကြန်ကာလအတွင်း တာချီလိတ်၌ ယာဉ်တိုက်မှု လျော့ပါးစေရန်အတွက် သက်ဆိုင်ရာမှ အသိပေးနှိုးဆော်ထား

သင်္ကြန်ကာလအတွင်း တာချီလိတ်၌ ယာဉ်တိုက်မှု လျော့ပါးစေရန်အတွက် သက်ဆိုင်ရာမှ အသိပေးနှိုးဆော်ထား
ဧပြီ 4, 2014
By Tachileik News Agency
နယ်စပ်ဒေသ တာချီလိတ်မြို့တွင် မော်တော်ဆိုင်ကယ်များမှာ များပြားလာသည်နှင့်အညီ မြန်မာ့ရိုးရာ သင်္ကြန်ကာလအတွင်း၌ ယာဉ်တိုက်မှုများ လျော့ပါးရေးနှင့် ယာဉ်တိုက်မှုများ မဖြစ်စေရန်အတွက် တာချီလိတ်ခရိုင် ယာဉ်စည်းကမ်းလမ်းစည်းကမ်း ထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီမှ အသိပေးနှိုးဆော် သတိပေးချက် ထုတ်ပြန်ကြော်ငြာထားကြောင်း သိရသည်။

အဆိုပါ ကြော်ငြာချက်တွင် မော်တော်ဆိုင်ကယ်များ စီးနင်းရာတွင် ဆိုင်ကယ်စီးဦးထုပ်ဆောင်းရန်နှင့် မေးသိုင်းကြိုးတပ်ဆင်ရန်၊ မော်တော်ဆိုင်ကယ်အား (၂)ဦးထက် ပိုမစီးရန်၊ အရှိန်ပြင်းစွာ မောင်းနှင်ခြင်းမပြုရန်၊ ပါဝါအိတ်ဇောတပ်ဆင်ခြင်း/အိတ်ဇောဖြုတ် မောင်းနှင်ခြင်းဖြင့် စက်သံဆူညံစွာ မောင်းနှင်ခြင်းမပြုရန်၊ အရက်သောက်စား၍ မူးယစ်မောင်းနှင်ခြင်း မပြုရန်၊ ယာဉ်မောင်းလိုင်စင်နှင့် ယာဉ်လိုင်စင်များအား စည်းကမ်း သတ်မှတ်ချက်အတိုင်း လူ/ယာဉ်နှင့် တစ်ပါတည်း ပါရှိ မောင်းနှင်ကြရန် နှင့် ကြံ့ခိုင်မှုမရှိသော ယာဉ်အို၊ ယာဉ်ဟောင်းများနှင့် ထော်လာဂျီယာဉ်များအား ရေပက်ခံရန်အတွက် မောင်းနှင်လည်ပတ်ခြင်း မပြုရန် စသည့် အချက်အလက်များ ပါရှိသည်။

အဆိုပါ ကြော်ငြာချက်များနှင့်ပတ်သက်၍ သက်ဆိုင်ရာမှ ဧပြီလ(၆)ရက်နေ့မှစ၍ မော်တော်ယာဉ်များအား စစ်ဆေးသွားမှာဖြစ်ပြီး ထိုသို့ စစ်ဆေးရာတွင် ယာဉ်/လမ်းစည်းကမ်းနှင့် ကိုက်ညီခြင်းမရှိသော ယာဉ်များအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဥပဒေဖြင့် အရေးယူ ဆောင်ရွက်သွားမှာဖြစ်သည့်အတွက် အဆိုပါ ကြော်ငြာချက်ကို လိုက်နာရန် လိုအပ်ကြောင်း သိရသည်။

တာချီလိတ်မြို့တွင် ယခုလို ပွဲတော်ရာသီမျိုးမဟုတ်ပေမဲ့လည်း သာမန်အချိန်များတွင် ယာဉ်တိုက်မှုများကြောင့် ထိခိုက် ဒဏ်ရာ ရရှိမှုများနှင့် သေဆုံးမှုများလည်း ရှိခဲ့သည်ဖြစ်ရာ သင်္ကြန်ကာလအတွင်း၌ အပျော်လွန် သောက်စားမူးယစ်၍ ယာဉ်တိုက်မှုများ အဖြစ်မများရန်အတွက် သက်ဆိုင်ရာမှ ယခုလို အသိပေး နှိုးဆော်ချက်ထုတ်ပြန်ထားတာဖြစ်ကြောင်း သိရှိရသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~