ဒါပေမဲ့.... ဟိုလူကြီးလို

ဒါပေမဲ့.... ဟိုလူကြီးလို
ဧပြီ 10, 2014
By Tachileik News Agency
ဦးတင့်ဆွေ {မဇ္ဈိမ လူမှုကူညီရေးအသင်း(တာချီလိတ်) }


ဟိုလူကြီးလို
ခြံဝန်းကျယ်ကျယ်၊ တိုက်အိမ်ကြီးနဲ့ မနေနိင်ပေမယ့် မြို့ရွာအစွန် ယာမြေထဲက၊ (၄၀'x၆၀') မြေကွက်ပေါ်မှာတဲအိမ်လေးနဲ့လည်း နေနိင်ပါတယ်။
ဒါပေမဲ့
တို့မြေ၊ တို့အိမ်၊ ရှို့မီး၊ တို့မီး၊ မြေကော်စက်ကြီး အချိန်မတော်ဖျက်စီးမလာအောင်
ဘယ်သူကများ တာဝန်ယူပေးပါ့မလဲ။

ဟိုလူကြီးလို 
အဲယားကွန်းခန်းမှာ၊ လက်မ(၈၀) TV ကြီးနဲ့ အနောက်တိုင်းကားတွေမကြည့်နိင်ပေမယ့်
အိမ်ရှေ့ခန်းမှာ သဘာဝလေအေး ရှူခင်းလေးနဲ့ ကြမ်းခင်းပေါ်မှာ(၁၄)လက်မTV လေးနဲ့ မိုးလေဝသ သတင်းလေးပဲ ကြည့်ကာနေနိင်ပါတယ်၊
ဒါပေမဲ့
တို့TV လေးကို ရုပ်ပုံထွက်ဖို့ ကူညီပေးမယ့် ထိုးစရာ ပလပ်ပေါက် ပ လပ် နေတာ ဘယ်သူကများ ကူညီပေးပါ့မလဲ၊

ဟိုလူကြီးလို
ခြံကျယ်အိမ်ကြီး ထိန်ထိန်မီးများ၊ လင်းလက်စေကာ မနေနိင်ပေမယ့်၊ (၂)ပေဖန်ချောင်း၊ အငယ်ကောင် သံချောင်း စာကျက်ဖို့ လောက်တော့ ထွန်းနိုင်ပါတယ်။
ဒါပေမဲ့
ကျေးဇူးသိတတ်၊ ရွှေမြန်မာမြတ်တို့ ကျေးဇူးဆပ်တာ အကြိမ်ကြိမ်ပါ၊ အယ်ဒီဆင်ကို နေ့တိုင်းလိုလို ကျေးဇူးတွေဆပ် ဂုဏ်ပြုထပ်ခါ၊ နေ၊ နေ ရတာ ဘယ်သူကများ ရပ်တန့်ပေးပါ့မလဲ။

ဟိုလူကြီးလို 
ဟင်းပေါင်းမျိုးစုံ မစားနိုင်ပေမယ့် ကန်စွန်းရွက်တလှည့်၊ ချဉ်ပေါင်တလှည်၊့ ငပိချက်နဲ့ အလှည့်ကျ ချက်ခါ စားနိင်ပါတယ်၊
ဒါပေမဲ့
တို့ခြံမြေထွက် ကန်စွန်းရွက်နဲ့ ချဉ်ပေါင် အတွက် အဆိပ်ရည် မခ၊ စိတ်တွေချရအောင် ဘယ်သူကများ တာဝန်ယူပေးပါ့မလဲ၊

ဟိုလူကြီးလို 
ဇိမ်ခံကားကြီး၊ မာစီဒီးနဲ့ ရုံးမတက်နိုင်ပေမယ့် ငါတို့စီးသွား ဘတ်စကား၊ ချောင်ချောင်ချိချိ အချိန်မှန် ရှိမယ့် နေ့ရက် ချိန်ခါ ရောက်လာဖို့အရေး ဘယ်သူကများ စွမ်းဆောင်ပေးပါ့မလဲ၊

ဟိုလူကြီးလို 
ဘွဲ့ထူးတွေတပ် သံဃာမြတ်အား ကားကိုတော့လှူ သီလ မယူ၊ မလုပ်နိင်ပေမယ့် တို့ရွာထိပ်က တို့ဆရာတော်အတွက် ပစ္စည်းလေးပါး ဒါယကာခံလို့ သီလယူကာ၊ ဆရာတော်ဘုရား မိန့်စကားအား၊ မြေဝယ်မကျ နာခံကာရယ် နေနိင်ပါတယ် ငါတို့ကွယ်။
ဒါပေမဲ့
တို့ဆရာတော်ဘုရား၊ သီတင်းသုံးရာ ရွာဦးကျောင်းလေး၊ တည်တံ့မယ့်အရေး၊ ဘယ်သူကများ တာဝန်ယူပေးပါ့မလဲ။

ဟိုလူကြီးလို 
ဆရာတော်ကြီးကြီး၊ ကျောင်းကြီးကြီးမှာ အလျှံအပယ်ကြီး ဆွမ်းတွေလောင်းကာ မလှူနိုင်ပေမယ့် ငါတို့ ရွာဦး၊ သြဇာထူးနဲ့ ဆိုဆုံးမတတ်၊ ကျေးဇူးကြီးမြတ်၊ ဘွဲ့ထူး မတပ်တဲ့ ရွာကျောင်းဆရာတော်၊ ဆွမ်းကပ်ဖို့အရေး၊ တို့ဝန်မလေး၊ နေ့တိုင်းမှန်မှန်၊ ကပ်လှူနိင်ပါတယ်။
ဒါပေမဲ့ ကွယ် 
တို့ကိုးကွယ်ရာ ရွာဦးကျောင်းမှ ဆရာတော်(၂)ပါး၊ တပည့်သံဃာအများ၊ ဘေးကြုံလာက ဥပဒေအရ၊ ဘယ်သူကများ ကာကွယ်ပေးပါ့မလဲ၊

တို့ကိုးကွယ်ရာ တို့ဘာသာ၊ တို့တန်ဖိုးထားရာ တို့သာသနာနဲ့၊ တို့ ပြည်သူအတွက်၊ လိုအပ်ဆုံးအရာ၊ ပြောချင်တယ်ဗျာ - -

သံဃာများနဲ့ဆင်းရဲနွမ်းပါး၊ တို့မြန်ပြည်သားများ၊ ပျော်ရွှင်ရအောင်၊ စွမ်းဆောင်ကာပေး၊ ရှေ့ဆောင်ပေးမည့်၊ ရှေ့ဆောင်ကောင်းသာ၊ ငါတို့လိုသည်၊ ခေါင်းဆောင်ကောင်းသာ ရှိလိုက်စမ်းပါ၊
ငါတို့ ပြည်သူ နောက်လိုက်ကောင်းများဖြစ်စေရမည်။

ဟန်ချက်ညီညီ၊
အမှန်ဆက်ချီမည်၊
မြန်၊ ထက်၊ မြန်ပြည်၊
မာ တဲ့ မြန်မာပြည်
အဲဒါ
ငါတို့ တိုင်းပြည်
မြန်မာပြည်။
ဦးတင့်ဆွေ
မဇ္ဈိမ လူမှုကူညီရေးအသင်း(တာချီလိတ်) 
၂၉-၃-၂၀၁၄ တနင်္ဂနွေ။

မှတ်ချက်။      ။ ဆရာညီမင်းညို၏ အုန်းချောစာပေဟောပြောမူကို အခြေခံထားပါသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~