မိုင်းဖြတ် မီးဘေးသင့်ကျေးရွာသို့ မဇ္ဈိမလူမှုကူညီရေးအသင်းမှ ထိုင်းဘတ်ငွေ တစ်သိန်းကျော်တန်ဖိုးရှိ အသုံးအဆောင်များ သွားရောက် ထောက်ပံ့လှူဒါန်း

မိုင်းဖြတ် မီးဘေးသင့်ကျေးရွာသို့ မဇ္ဈိမလူမှုကူညီရေးအသင်းမှ ထိုင်းဘတ်ငွေ တစ်သိန်းကျော်တန်ဖိုးရှိ အသုံးအဆောင်များ သွားရောက် ထောက်ပံ့လှူဒါန်း
ဧပြီ 22, 2014
By Tachileik News Agency
ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ မိုင်းဖြတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်၊ နမ့်ပန်ကျေးရွာအုပ်စု၊ ငါးဟေကျေးရွာတွင် ပြီးခဲ့သည့် ၂၀၁၄ခုနှစ် ဧပြီလ(၉)ရက်နေ့ မွန်းလွဲ(၂)နာရီအချိန်ခန့်က မတော်တဆ မီးလောင်မှုဖြစ်ပွားရာ အိမ်ခြေ (၆၅)အိမ်ရှိသည့်အနက် အိမ်ခြေ(၆၃)အိမ်လောင်ကျွမ်းသွားရာတွင် ၀ါး/သက်ကယ်အိမ် (၅၄)အိမ်၊ ပျဉ်ကာသွပ်မိုးအိမ်( ၅)အိမ်၊ ပျဉ်ကာသက်ကယ်မိုး (၄)အိမ် လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးလောင်ကျွမ်းမှုကြောင့် ဟာလာဆန်စက်(၁၀)လုံး၊  ဆိုင်ကယ်(၁၂)စီး၊ သုံးဘီးဆိုင်ကယ် (၄)စီး၊  လက်တွန်းထွန်စက် (၆)စီး၊ တီဗွီ (၆)လုံး ၊ (၆)ပေစလောင်း (၁)လုံး၊ စပါးတင်း (၂၇၀၀)ခန့်  စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် (၁၃၄၉)သိန်းကျော် ပျက်စီးဆုံးရှုံးခဲ့သည်ဖြစ်ရာ ယခုအခါမှာ အဆိုပါကျေးရွာအား ပြန်လည်ထူထောင်ရေးအတွက် အကူအညီများ လိုအပ်နေကြောင်း သိရသည်။
မီးဘေးသင့်ကျေးရွာအတွက် လိုအပ်နေသော ထောက်ပံ့ကူညီမှုများနှင့် ပတ်သက်၍ ဧပြီလ(၂၁)ရက် နေ့လည်ပိုင်းက တာချီလိတ်မြို့ရှိ လူမှုကူညီရေးအသင်းများအနက် မဇ္ဈိမလူမှုကူညီရေးအသင်း (တာချီလိတ်)မှ ဒုတိယအကြိမ်မြောက်အဖြစ် သွားရောက်၍ တာချီလိတ်မြို့ စေတနာရှင်အလှူရှင်များမှ စုပေါင်းလှူဒါန်းထားကြသော အသုံးအဆောင်ပစ္စည်းများနှင့် အ၀တ်အထည်များကို လှူဒါန်းခဲ့ကြောင်း သိရသည်။

ထိုသို့ လှူဒါန်းရာတွင် မဇ္ဈိမလူမှုကူညီရေးအသင်း(တာချီလိတ်)မှ ဥက္ကဌ ဦးတင့်ဆွေ၊ အတွင်းရေးမှူး ဒေါ်သန်းသန်းဌေး အပါအ၀င် အသင်းသား/သူ (၁၉)ဦးတို့မှ ထိုင်းဘတ်ငွေ (၁၁၇၄၈၀)ဘတ် တန်ဖိုးရှိသည့် ပေါက်ပြား (၆၅)လက်၊ ဓား (၆၅)လက်၊ ရေပိုက်(၁၀၀)၊ ရေဆွဲပုံး (၆၅)ပုံး၊ ရေခွက် (၆၅)ခွက်၊ ခေါင်းအုံး (၁၄၅) လုံး၊ ခြုံစောင်(၆၅) ထည်၊ မျက်နှာသုတ်ပ၀ါ (၆၅)ထည်၊ ဆိုင်းငံ့အ၀တ်အထည် (၁၀၀၀) တို့ကို မီးဘေးသင့် ကျေးရွာသူ၊ ကျေးရွာသားများထံ လက်ဝယ်အရောက် ပေးအပ်ထောက်ပံ့လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ယင်းကဲ့သို့ပင် ပြီးခဲ့သည့် ဧပြီ (၁၀)ရက်နေ့က တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ပြည်နယ်အစိုးရအဖွဲ့ အပါအ၀င် စေတနာရှင်တို့မှ ပထမအကြိမ် ထောက်ပံ့လှူဒါန်းမှုအဖြစ် မီးဘေးသင့် ကျေးရွာသူ၊ ကျေးရွာသားများအား ပေးအပ်ထောက်ပံ့လှူဒါန်းကြရာတွင် စုစုပေါင်းတန်ဖိုး ငွေကျပ်(၂၆,၇၇၃,၅၇၀) ရှိကြောင်းနှင့်  ဧပြီလ (၁၁) ရက်နေ့က တာချီလိတ်မြို့ ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ စေတနာရှင်အလှူရှင်များမှ စုစုပေါင်း(၁၂,၆၈၃,၈၀၀)ကျပ် တန်ဖိုးရှိသော အသုံးအဆောင် ပစ္စည်းများကို ပေးအပ် ထောက်ပံ့ခဲ့ကြကြောင်း သိရသည်။
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~