တာချီလိတ်၌ မူ/လယ်/ထက် အောင်စာရင်းများ ထုတ်ပြန်ကြေငြာ

တာချီလိတ်၌ မူ/လယ်/ထက် အောင်စာရင်းများ ထုတ်ပြန်ကြေငြာ
ဧပြီ 18, 2014
By Tachileik News Agency

ယနေ့ ၂၀၁၄ခုနှစ် ဧပြီလ(၁၈)ရက် မြန်မာ့နှစ်ဆန်း(၂)ရက်နေ့တွင် မြန်မာတစ်ပြည်လုံးရှိ အခြေခံပညာကျောင်းများ အသီးသီး၌ မူ/လယ်/ထက် အောင်စာရင်းများကို ထုတ်ပြန် ကြေငြာလိုက်သည်ဖြစ်ရာ တာချီလိတ်ခရိုင်အတွင်းရှိ မူ/လယ်/ထက်ကျောင်းများမှာလည်း အောင်စာရင်းများ ထုတ်ပြန်ကြေငြာထားသည်ကို တွေ့ရှိရသည်။

( အ.ထ.က - တာချီလိတ် )

ထိုသို့ အောင်စာရင်းများ ထုတ်ပြန်ကြေငြာထားရာတွင် တာချီလိတ်မြို့ပေါ်ရှိ အထက်တန်းကျောင်း (၃)ကျောင်းတွင် အ.ထ.က(တာချီလိတ်)၌ (၈)တန်း ဖြေဆိုမှု၏ အောင်ချက်သည် (၉၁.၄၇%) နှင့် (၉)တန်း ဖြေဆိုမှု၏ အောင်ချက်သည် (၉၄.၁၇%) ရှိကြောင်း နှင့် အဆိုပါကျောင်းတွင် မူ/လယ်/ထက် ကျောင်းသား/သူ စုစုပေါင်း (၃၄၆၂)ဦးရှိကြောင်း သိရသည်။

( အ.ထ.က-ဆန်ဆိုင်း )

ယင်းနည်းတူ အ.ထ.က(ဆန်ဆိုင်း)တွင် (၈)တန်းဖြေဆိုမှု၏ အောင်ချက်သည် (၈၃.၈%) နှင့် (၉)တန်း ဖြေဆိုမှု၏ အောင်ချက်သည် (၈၂.၅%)ရှိကြောင်း အပြင် အဆိုပါ ကျောင်းတွင်  မူ/လယ်/ထက် ကျောင်းသား/သူ စုစုပေါင်း(၂၃၀၀)ကျော် ရှိကြောင်း သိရသည်။

( အ.ထ.က - ဟောင်လိတ် )

မကြာမီက အခြေခံပညာအထက်တန်းခွဲအဖြစ်မှ အခြေခံပညာအထက်တန်းကျောင်းအဖြစ်သို့ အဆင့်တိုးမြှင့်ခြင်း ခံရသည့် အ.ထ.က(ဟောင်လိတ်)တွင် (၈)တန်း ဖြေဆိုမှု၏ အောင်ချက်သည် (၉၀%) နှင့် (၉)တန်း ဖြေဆိုမှု၏ အောင်ချက်သည် (၇၈.၃၃%) ရှိကြောင်း သိရသည်။ အ.ထ.က (ဟောင်လိတ်)တွင် မူ/လယ်/ထက် ကျောင်းသား/သူ စုစုပေါင်း( ၂၁၇၆ )ဦးရှိပြီး ယခု ဆောက်လုပ်နေဆဲဖြစ်သော စာသင်ခန်း (၁၀)ခန်း အပါအ၀င် စုစုပေါင်း စာသင်ခန်း (၄၀)သာ ရှိကြောင်း သိရသည်။

နယ်စပ်ဒေသ၏ ပညာရေးအခြေအနေနှင့် ပတ်သက်၍ "ဒီဖက်ဒေသက ပြည်မထဲနဲ့မတူဘူး၊ ပညာရေးနဲ့ပတ်သက်ရင် အရမ်းအားနည်းနေဆဲပဲ ဆိုတာ တွေ့ရတယ်၊ ဘာကြောင့်လည်းဆိုရင် တိုင်းရင်းသားတွေများတော့ ဘာသာစကားမလိုက်နိုင်တာလည်း ပါတာပေါ့၊"ဟု ပညာရေးဝန်ထမ်းတစ်ဦးမှလည်း တာချီလိတ်အွန်လိုင်းသို့ ပြောပြသည်။

"နယ်စပ်ဒေသမှာ ကလေးတွေရဲ့ စာလိုက်နိုင်မှု အားနည်းတာ၊ အတတ်နှေးတာတွေဟာ တိုင်းရင်းသားတွေ များတာကြောင့် ဘာသာစကား အခက်အခဲ ရှိသလို တောကျောင်းတွေမှာ ဆရာ/မနည်းနေပြီး မြို့ကျောင်းတွေမှာပဲ ဆရာ/မပုံနေတာလည်း ပါတာပေါ့၊ အဲ့လိုပဲ အချို့ကျောင်းမှာ သင်ကြားရေး ဆရာ/မ နည်းတာလည်းပါသလို ကျောင်းတွေရဲ့ လိုအပ်ချက်ဖြစ်တဲ့ စာသင်ခန်း လိုအပ်ချက်တွေ၊ စာသင်ခုံ လိုအပ်ချက်တွေ တော်တော်များများ ရှိနေကြတဲ့အတွက်လည်း သင်ကြားရေးဘက်တွေမှာ အခက်အခဲဖြစ်တာတွေ ရှိတာပေါ့"ဟု ပညာရေးဝန်ထမ်းတစ်ဦးမှ တာချီလိတ်အွန်လိုင်းသို့ အခက်အခဲများကို ပြောပြသည်။

သတင်း။       ။ ကိုဇောင်း
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~