တာချီလိတ်၌ ကျောင်းဆောင်သစ်များ ဆောက်လုပ်လျက်ရှိရာ စာသင်ခုံ ၆၀၀ ကျော် လိုအပ်နေ

တာချီလိတ်၌ ကျောင်းဆောင်သစ်များ ဆောက်လုပ်လျက်ရှိရာ စာသင်ခုံ ၆၀၀ ကျော် လိုအပ်နေ
ဧပြီ 20, 2014
By Tachileik News Agency

ပြီးခဲ့သည့် ၂၀၁၃ခုနှစ်အတွင်းက မြန်မာနိုင်ငံအတွင်း ပညာရေးဝန်ကြီးဌာနမှ အခြေခံပညာ မူ/လယ်/ထက်ကျောင်းများအား အဆင့်တိုးမြှင့်ပေးလိုက်ကြပြီးနောက် လိုအပ်နေသည့် စာသင် ကျောင်းဆောင်သစ်များအား ဆောက်လုပ်နေလျက်ရှိရာ ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ တာချီလိတ်ခရိုင် တာချီလိတ်မြို့ရှိ အချို့သော ကျောင်းများတွင် ကျောင်းဆောင်သစ်များ ဆောက်လုပ်နေလျက်ရှိတာကို တွေ့ရှိရသည်။

ထိုသို့ ကျောင်းဆောင်သစ်များ ဆောက်လုပ်နေလျက်ရှိရာတွင်၊ အ.ထ.က(တာချီလိတ်) တွင် (၆)ခန်းတွဲ နှစ်ထပ်ကျောင်းဆောင်၊ အ.ထ.က(ဟောင်လိတ်)တွင် (၅)ခန်းတွဲ နှစ်ထပ်ကျောင်းဆောင် နှင့် အ.မ.က(မူလွန်)ရန်အောင်မြေတို့တွင် (၄)ခန်းတွဲ နှစ်ထပ်ကျောင်းဆောင်တို့ကို ဆောက်လုပ်နေလျက်ရှိသည်။

ဆောက်လုပ်နေကြသော အဆိုပါကျောင်းများအား ယနေ့ ဧပြီလ(၂၀)ရက် နံနက်ပိုင်းက တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးရဲထူး၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးစိုင်းကျော်ဇံ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြု ကော်မတီ ဥက္ကဌ ဦးကြည်မြင့်နှင့် ပြည်နယ်စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ငြိမ်း တို့မှ ဆောက်လုပ်နေဆဲကာလ အခြေအနေများကို သွားရောက် ကြည့်ရှုစစ်ဆေးကြရာ အဆိုပါ ကျောင်းများကို ဆောက်လုပ်ခွင့်ရရှိထားသော အိပ်မက်ရွာဆောက်လုပ်ရေးကုမ္ပဏီမှ ဦးနေမျိုးက လိုက်လံရှင်းလင်းပြသသည်။

ယခုဆောက်လုပ်နေဆဲဖြစ်သော ကျောင်းများတွင် အ.ထ.က(တာချီလိတ်)တွင် (၆)ခန်းတွဲ နှစ်ထပ်ကျောင်းဆောင်သည် ၂၀၁၄ခုနှစ်၏ ကျောင်းဖွင့်ရာသီ၌ ဆောက်လုပ်မှုပြီးနိုင်ဖွယ်ရှိကြောင်းနှင့် အ.ထ.က(တာချီလိတ်)တွင် လိုအပ်နေသည့် စာသင်ခုံပေါင်း (၄၄၀)ခုံ လိုအပ်နေရာ အိပ်မက်ရွာဆောက်လုပ်ရေးကုမ္ပဏီမှ ခုံ(၁၀၀)လှူဒါန်းထားကြောင်း သိရသည်။

ယင်းနည်းတူ အ.ထ.က(ဟောင်လိတ်)တွင် (၅)ခန်းတွဲ နှစ်ထပ်စာသင်ဆောင် ဆောက်လုပ်နေရာ အဆိုပါ ကျောင်းတွင် စာသင်ခုံ စုစုပေါင်း ခုံ(၃၀၀)လိုအပ်နေရာ အိပ်မက်ရွာဆောက်လုပ်ရေးမှ စာသင်ခုံ (၈၀) လှူဒါန်းထားကြောင်းလည်း သိရသည်။

ဆောက်လုပ်နေသော ကျောင်းများတွင် စာသင်ကျောင်းဆောင်များ ဆောက်လုပ်ပြီးပါက အဓိက လိုအပ်သည်မှာ စာသင်ခုံများဖြစ်ရာ စေတနာရှင် အလှူရှင်များ အနေဖြင့် ကလေးသူငယ် ကျောင်းသား၊ ကျောင်းသူများ၏ အကြမ်းဒဏ်ကို ခံနိုင်ရည် ရှိစေရန်အတွက် သံဘောင်တို့ဖြစ် ပြုလုပ်ထားသည့် စာသင်ခုံ တစ်စုံလျှင် ထိုင်းဘတ်ငွေ (၁၈၀၀)ဘတ်ရှိသော စာသင်ခုံများကို စေတနာရှင်များအနေဖြင့် သက်ဆိုင်ရာကျောင်းများတွင် ပါဝင်လှူဒါန်းနိုင်မှာ ဖြစ်ကြောင်းလဲ သိရှိရသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~