၂၀၁၄ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အတွေ့အကြုံမှသည် အနာဂတ် နယ်စပ်ပညာရေး မြင့်မားရေးဆီသို့ (၂)

၂၀၁၄ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အတွေ့အကြုံမှသည် အနာဂတ် နယ်စပ်ပညာရေး မြင့်မားရေးဆီသို့ (၂)
ဧပြီ 8, 2014
By Tachileik News Agency
ဤဆောင်းပါး၏ အပိုင်း(၂)ကို ဆက်လက်ရေးသားရာတွင် မြန်မာနိုင်ငံစာစစ်အဖွဲ့ဦးစီးဌာန၏ လမ်းညွှန်
ချက်နှင့်အညီ တက္ကသိုလ်ဝင်တန်းစာမေးပွဲများကို စနစ်တကျစစ်ဆေးကြရခြင်းကို မိဘပြည်သူများ
အနေဖြင့် စာဖြင့်ရေးသားသလိုမဟုတ်ဘဲ ကွက်ကွက်ကွင်းကွင်းမြင်စေရန် အောက်တွင် အကျဉ်းရုံး
တင်ပြပါမည်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုဖူးသူများ မဟုတ်သည့် မိဘများနှင့် ပြည်သူများအနေ
ဖြင့်ကော လက်ရှိဆောင်ရွက်နေမှုများကိုပါ နားလည်ပြီး တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် ကျောင်းသား
ကျောင်းသူများကို နောက်နောင် အကြံပြုလမ်းညွှန်ကူညီမှုများ ပြုနိုင်ရန်ဖြစ်ပါသည်။

ကျောင်းသားကျောင်းသူများ လိုက်နာရန်နှင့် လိုက်နာမှုရှိမရှိကို လက်ထောက်ကြီးကြပ်ရေးမှူး
ဆရာဆရာမများက ကြီးကြပ် အရေးယူ ဆောင်ရွက်ရပါသည်။

၎င်းတို့မှာ-
           (က) ကျောင်းသားကျောင်းသူများသည် မည်သည့် စာရွက်စာတမ်း၊ မှတ်စုမှ လုံးဝယူလာ
ခြင်းမပြုရန်နှင့် ခန္ဓာကိုယ်၊ စာရေးကိရိယာတွင်မဆို မယူဆောင်လာရပါ။ မှတ်သားမလာရပါ။
စာဖြေခန်းမ၀င်ခင် သီးသန့်ရှာဖွေခန်း ထားရှိပြီး လုပ်သက်ရင့် ဆရာဆရာမများက
အသေးစိတ်ရှာဖွေကြရပါသည်။ စာဖြေခန်းတွင်း မည်ကဲ့သို့မှဆက်သွယ် ဆောင်ရွက်ခြင်းကို
ကျောင်းသားအချင်းချင်း လုံးဝမပြုလုပ်ကြရပါ။

          (ခ) သန့်စင်ခန်းသို့ ဖြေဆိုပြီး နာရီဝက်ကျော်လျှင်သွားခွင့်ပြုပြီး တစ်ကြိမ်လျှင် စာဖြေခန်း
တစ်ခန်းတစ်ယောက်သာသွားပြီး အပြင်ကြီးကြပ်သူ ဆရာဆရာမကိုယ်တိုင်လိုက်ပို့ခြင်း၊ သန့်စင်ခန်း
အရောက်တွင် သန့်စင်ခန်း တာဝန်ဆရာ ဆရာမများထားရှိပြီး စနစ်တကျကြီးကြပ်မှတ်တမ်းထားပါ
သည်။ သန့်စင်ခန်းတွင် တွေ့ဆုံသည့် ကျောင်းသားသူ အချင်းချင်းပြောဆို ဆက်ဆံခွင့်လုံးဝမပြုပါ။
သန့်စင်ခန်း အထွက်တိုင်းတွင် ကြီးကြပ်သူ ဆရာဆရာမများက စနစ်တကျ ရှာဖွေကြရပါသည်။
စာဖြေခန်းမှ သန့်စင်ခန်းသို့ အ၀င်အထွက်မှတ်တမ်းကို ခုံအမှတ်လက်မှတ်ထိုးမှတ်တမ်းကို
အချိန်အတိအကျ မှတ်တမ်းတင်ထားကြရပါသည်။

        (ဂ) ကျောင်းသားကျောင်းသူများ မသမာမှု မလုပ်စေရန် နေ့စဉ်စာမေးပွဲ မဖြေဆိုမီ
စာမေးပွဲဖြေဆိုသူများ လိုက်နာရန် စည်းကမ်းချက်များကို လက်ထောက်ကြီးကြပ်ရေးမှူးများက
အခန်းလိုက် ဖတ်ပြအသိပေးရပါသည်။ အချက်အလက်များမှာ အရေးကြီးပြီး စနစ်တကျသတ်မှတ်
ထားသဖြင့် ဖတ်ပြချိန် ၁၀မိနစ်ကျော်ပါသည်။ စာမေးပွဲမဖြေဆိုမီ ဖတ်ကြရခြင်းဖြစ်ပါသည်။ ပြစ်ဒဏ်
များကိုလည်း (၂)နှစ် (၃)နှစ်မှ နှစ်အကန့်အသတ်မရှိ သတ်မှတ်ထားခြင်းအား အသိပေးဖတ်ပြကြရပါ
သည်။

          ကျောင်းသားများ မသမာမှု ကျူးလွန်ပါကလည်း ကြမ်းတမ်းစွာ ဆောင်ရွက်မည် မဟုတ်ဘဲ
ညင်သာစွာကိုင်တွယ်ပြီး စနစ်တကျတရားမျှတစွာ မှတ်တမ်းတင်ခြင်းများဖြင့် အရေးယူသွားမည်
ဖြစ်သဖြင့် ကျောင်းသားကျောင်းသူများ အနေဖြင့် စနစ်တကျစည်းကမ်းတကျ ဖြေဆိုခြင်းမပြုပါက
စာမေးပွဲကျရှုံးခြင်းကို ရင်ဆိုင်ရနိုင်သဖြင့် အထက်ပါလောက် ကြီးကြပ်နေခြင်းကို နားလည်ပြီး
စည်းကမ်းတကျဖြေဆိုသွားရန်လိုပါသည်။

        နေ့စဉ်တာဝန်ကျသည့် လက်ထောက်ကြီးကြပ်ရေးမှူး ဆရာဆရာမများကိုလည်း အမြဲတမ်းအခန်း
တစ်ခန်းတည်း တစ်နေရာတည်းတွင် အတူတာဝန်ချထားခြင်း မပြုဘဲ။ လှည့်လည်တာဝန်ပေးအပ်
ခြင်းဖြင့် ကြီးကြပ်သူ ဆရာဆရာမများထဲက မသမာမှုတွင် ဆောင်ရွက်ချင်လျှင်ပင် အခြေအနေ
မပေးအောင် စီမံဆောင်ရွက်ထားခြင်းဖြစ်ပါသည်။ လုပ်သက်ရင့် သမာသမတ်ကျသည့် ဆရာကြီး
ဆရာမကြီးများနှင့် လုပ်သက်နု အတွေ့အကြုံနည်းသည့် ဆရာဆရာမများကိုတွဲ၍ တာဝန် ပေးသဖြင့် တာချီလိတ် အ.ထ.က စာစစ်ဌာန စာမေးပွဲကျင်းပမှု အခြေအနေမှာ ပြဿနာဖြစ်ပွားမှုနည်းပါး
ပါသည်။

         သို့သော် ယခုနှစ်တွင် သန်းခေါင်စာရင်းလုပ်ငန်းနှင့် တိုက်ဆိုင်သဖြင့် လုပ်သက်နုဆရာဆရာမ
အနည်းငယ်ကြောင့်  ပထမနေ့တွင် အနည်းငယ် စာရင်းဇယားနှေးကွေးမှုတွေ့ရပြီး နောက်နေ့
များတွင် စာမေးပွဲနောက်ဆုံးနေ့အထိ အဆင်ပြေချောမွေ့သွားသည်ကိုတွေ့ရပါသည်။

         ကျောင်းသားကျောင်းသူ ၈၀၀ကျော်အား ဆရာ ဆရာမ ၁၀၀နီးပါးက ကြီးကြပ်ခဲ့ခြင်းဖြစ်ပါသည်။
ဤမျှလောက် စနစ်တကျ ဆောင်ရွက်နေသော မြန်မာနိုင်ငံ တက္ကသိုလ်ဝင်စာမေးပွဲကို မသမာမှု
ဆောင်ရွက်ရန် တိုက်တွန်းနှိုးဆော်ခြင်း အကြံပြုခြင်း အားပေးအားမြှောက်ပြုခြင်း မပြုမိစေရန်
ဤဆောင်းပါးအား ရေးသားရခြင်းလည်း ဖြစ်ပါသည်။ တချိန်တခါက တချို့ ကြုံဖူးသည်လည်းရှိပါမည်။
ကြားဖူးသည်လည်း ရှိပါမည်။ မသမာမှုကို ပြုဖူးသည်လည်းရှိပါမည်။ ယနေ့ကျောင်းသား
ကျောင်းသူများအား သင်ကြားပေးမိမှား ဖြစ်မည်ကို စိုးရိမ်သဖြင့်လည်း တင်ပြနေရခြင်းဖြစ်ပါသည်။
ကလေးများအတွက် အနည်းဆုံး စာသင်နှစ် တစ်နှစ်ဆုံးရှုံးသွားမှု မဖြစ်စေရန်ဖြစ်ပါသည်။

      တာဝန်ရှိသူ စာစစ်ဌာနအကြီးအကဲ ကြီးကြပ်ရေးမှူးမှသည် လက်ထောက်ကြီးကြပ်ရေးမှူးများကို
တိတိကျကျလိုက်နာရန် အထက်ဌာနမှ မှာကြားပြီးဖြစ်ကြောင်း အသိပေးလိုပါသည်။ စာမေးပွဲသည်
ပညာရေးဝန်ထမ်းများအဖို့ ဆုရဖို့မရှိ ပြစ်ဒဏ်ရဖို့သာရှိသော အရေးကြီးသည့် လုပ်ငန်းတာဝန်ကြီး
အဖြစ် သိရှိလိုက်နာဆောင်ရွက်ရသော လုပ်ငန်းဖြစ်ပါသည်။

          ကျွန်တော်နှင့် စာဖြေခန်းအတွင်း တာဝန်ကျသည့် ငါးရက်တွင် လုပ်သက်နုဆရာမ လေးဦး
ယခုစာမေးပွဲတွင်အတူ တာဝန်ကျခဲ့ပါသည်။ တစ်ယောက်ဆိုလျှင် လုပ်သက်နှစ်နှစ်ပင် မပြည့်သေးပါ။
ခံယူချက်နည်းပါးခြင်း အတွေ့အကြုံနည်းပါးခြင်းကြောင့် (၃)နာရီတိုက်ပွဲ စနစ်တကျ ကျော်ဖြတ်နိုင်စေရန်
သင်ကြားဆုံးမခဲ့ရပါသည်။

           မည်သို့ပင်ဖြစ်စေကာမူ စည်းကမ်းစနစ်ရှိသော ဦးဆောင်သူရှိပါက စည်းကမ်းမဲ့လုပ်ရပ်များကို
ပညာတတ် ၀န်ထမ်းများအနေဖြင့် ပြောင်ပြောင်တင်းတင်း မလုပ်ဝံ့ပါ။ စာဖြေသည့်ရက်နေ့တစ်နေ့တွင်
ကြုံဆုံခဲ့ရပါသည်။ မသမာလုပ်ချင်သည့် အနေအထားမျိုး ကျောင်းသားတစ်စု ဖြစ်ပါသည်။
ခုံနံပါတ် နီးသည့် ကျောင်းသားသုံးဦးဖြစ်ပါသည်။ ဖြေဆိုချိန်ပြည့်ရန် ၁၅မိနစ်အလိုတွင်ဖြစ်ပါသည်။
လုပ်သက်နုဆရာမကို မကြောက်ခြင်းနှင့် ဖြေဆိုနိုင်သလောက်ဖြေဆိုပြီးဖြစ်သဖြင့် ဆက်သွယ်ခွင့်ရပါက
ဆက်သွယ်ညှိနှိုင်းလိုသည့် အရိပ်အယောင်များပြလာခြင်းဖြစ်ပါသည်။ ၎င်း ကလေးများ၏ ရှေ့တွင်
လုံးဝရပ်ပြီး တစ်တန်းလုံးကို ကြီးကြပ်မှု ငါးမိနစ်ခန့်လုပ်လိုက်ရပါသည်။

         ၎င်းတို့အခြေအနေကို ရိပ်မိပြီဆိုသည်ကို သိရှိပြီး စာမေးပွဲခန်း စည်းကမ်းများကို ကောင်းစွာ နားထောင်ခဲ့သူများဖြစ်သည့် အတွက် လက်ထောက်ကြီးကြပ်ရေးမှူး ကျွန်တော်၏  အထင်မှားမှုကို အဖြစ်မခံတော့ဘဲ မှောက်လျက်အိပ်သူအိပ်၊ မိမိအဖြေလွှာကိုသာ အမှန်တကယ် ပြန်စစ်ဆေးနှင့် ဖြေဆိုချိန်ပြည့်သွားပါသည်။ ကျွန်တော်လည်း သူတို့အတွက် ရင်အေးသွားရပါသည်။ သူတို့လေးတွေ၏ ဘ၀နှင့်ထပ်တူ အရေးကြီးသည်ကို နားလည်သော်လည်း  စည်းကမ်းသည် စည်းကမ်းဖြစ်၍ ကျူးလွန်ပါကမူ အရေးယူရမည်သာ ဖြစ်ပါသည်။

        ယခုနှစ်သည် တိုက်ဆိုင်သည်မှာ ကျွန်တော်၏ မိတဆိုး တစ်ဦးတည်းသော သမီးလေးမှာ ရန်ကုန်ရှိ သူ့အဒေါ် အလယ်တန်းပြဆရာမထံတွင် နေထိုင်၍ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုနေချိန်ဖြစ်နေ၍ ဖြစ်ပါသည်။ ညနေပိုင်းတွင် ကြီးကြပ်ရေးမှူး စာစစ်ဌာနဆရာကြီးမှ မှာကြားပြီး ပြန်ခွင့်ပြုချိန်တွင် သမီးထံဖုန်းဆက်ပြီး နေ့စဉ် စည်းကမ်းလိုက်နာရန်နှင့် ကြိုးစားဖြေဆိုရန် မှာကြားခြင်းပြုပါသည်။ သမီး၏ နေ့စဉ်ဖြေဆိုနိုင်ကြောင်း ဖြေကြားမှုနှင့်အတူနေ့စဉ်မြင်တွေ့နေရသည့်  အထက-တာချီလိတ် စာစစ်ဌာနမှ တက္ကသိုလ်ဝင်တန်းဖြေဆိုသည့် ကလေးများကို သားသမီးချင်း ကိုယ်ချင်းစာ သနားမိပါသည်။

       သို့သော်လည်း အခွင့်အရေးရလျှင် ရသလို ခိုးချလိုက်မည်ဆိုသော ဟန်ပန်အမူအရာ အခြေအနေ များကိုလည်း လုံးဝမတွေ့ဆုံလိုသည်မှာ သူတို့လေးတွေ၏ ဘ၀တွင် နစ်နာဆုံးရှုံးမှုမဖြစ်စေလိုသော စေတနာနှင့်ဖြစ်ပါသည်။ အနာဂတ်တွင် ဦးဆောင်မည့် လူငယ်ကလေးများအနေဖြင့် မသမာမှုများဖြင့် စာမေးပွဲဖြေဆို အောင်မြင်ခဲ့သော် မဖြေဆိုဘဲ တက္ကသိုလ်ဝင်တန်း အောင်မြင်ခြင်းမရှိဘဲ ဘ၀တိုက်ပွဲတွင် ဘ၀တက္ကသိုလ်ကို အောင်မြင်နေသော လူငယ်ကလေးများလောက်ပင် တန်ဖိုးရှိသည့် ခေါင်းဆောင်များ၊လောကကိုဦးဆောင်မည့်သူများ  မဖြစ်လာနိုင်ပါ။ လိပ်ပြာလုံစွာနှင့် လောကကို  မသမာမှုကင်းစွာဖြင့် အားမာန်အပြည့်နှင့် ဘ၀ကို  ကြိုးစားရင်ဆိုင်သူများ ဖြစ်လာနိုင်လိမ့်မည် မဟုတ်ပါ။

တာချီလိတ်လို နယ်စပ်ဒေသတွင် အများအားဖြင့် ပြည်မမှ သို့မဟုတ် တိုးတက်သောမြို့နယ်များမှ
ပညာတတ်ပြီး လာရောက်အလုပ်လုပ်ကိုင် တိုးတက်ကြီးပွားနေသူများစွာ ရှိပါသည်။ ဒေသခံအတွင်းမှ အဆင့်မြင့်ပညာဖြင့် အောင်မြင်တိုးတက်သူများမှာ များစွာလိုအပ်နေပါသေးသည်။ ယင်းကဲ့သို့ အခြေအနေများ ဖြစ်ပေါ်လာစေရေးအတွက် ပညာရေးကို စနစ်တကျ တက်မြောက် အောင်မြင်သွားကြစေရန် အားလုံး ပူးပေါင်းပါဝင် ကြိုးစားကြရမည်ဖြစ်ပါသည်။

မိဘဆရာသမားများဘက်ကလည်း အခြေအနေနှင့် အချိန်အခါအရ မှန်ကန်စွာ သင်ကြားလေ့ကျင့်
ပေးကြပြီး အရည်အချင်း စစ်မှန်သော တက္ကသိုလ်ဝင်တန်းအောင် နိုင်ငံသားကောင်းများ ပေါ်ထွက်လာစေရေး၊ မိမိ မိသားစုအတွက် စံနမူနာပြကောင်းများ ဖြစ်ပေါ်လာစေရေးအတွက် မူလတန်းကပင် မိဘဆရာပူးပေါင်း ကလေးပညာကောင်း ဟူသည့် ဆောင်ပုဒ်ကို နှလုံးမူ၍  ပြုစုပျိုးထောင်ပေးကြရန် စေတနာဖြင့် အစီရင်ခံတင်ပြလိုက်ရပါသည်။

ဆောင်းပါးရှင်။        ။ မြတ်မျိုးမြင့်မာန်
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~