ဂေါ်ရခါး စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ အခမ်းအနား တာချီလိတ်၌ ပထမဆုံး အကြိမ်အဖြစ် ကျင်းပ

ဂေါ်ရခါး စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ အခမ်းအနား တာချီလိတ်၌ ပထမဆုံး အကြိမ်အဖြစ် ကျင်းပ
ဧပြီ 14, 2014
By Tachileik News Agency
ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ တာချီလိတ်ခရိုင် တာချီလိတ်မြို့နယ်ရှိ  ဂေါ်ရခါးစာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှ တာချီလိတ်မြို့ အောင်မြတ်ခန်းမ၌ ယနေ့ ဧပြီလ(၁၄)ရက် နံနက်(၉)နာရီအချိန်က တာချီလိတ်မြို့နယ်၏ ပထမအကြိမ်အဖြစ် ဂေါ်ရခါးရိုးရာယဉ်ကျေးမှု၊ စာပေဟောပြောပွဲနှင့် အကပဒေသာဖျော်ဖြေပွဲအပြင် ဂေါ်ရခါးလူမျိုးတို့ တွေ့ဆုံပွဲကို ကျင်းပပြုလုပ်ခဲ့ကြသည်။

အဆိုပါ အခမ်းအနားတွင် တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေးမှ  "ဂေါ်ရခါးလူမျိုးများသည် လွန်ခဲ့သော နှစ်ပေါင်း (၁၅၀)ကျော်ခန့်က မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး မြန်မာနိုင်ငံ တိုင်းရင်းသား လူမျိုးများနှင့် အေးအတူပူအမျှ ချစ်ခင်ရင်းနှီးစွာဖြင့် နေထိုင်လာခဲ့သော လူမျိုးဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ဂေါ်ရခါးလူမျိုးများ နှင့် ပတ်သက်၍ စစ်ဘက်ဆိုင်ရာ အမြင့်ဆုံးဘွဲ့ဖြစ်သော အောင်ဆန်းသူရိယဘွဲ့ကို ဆွတ်ဗဟာဒူးရိုင်းမှ ရရှိခဲ့ကြောင်း၊ ထို့အတူ အားကစား လောကတွင်လည်း ဗဟာဒူး နှင့် မြန်မာ၊ မြန်မာ နှင့် ဗဟာဒူး ခွဲခြားမရ ဖြစ်ခဲ့သည်အထိ အောင်မြင်စွာဖြင့် မြန်မာနိုင်ငံ၏ ဂုဏ်ကို မြှင့်တင်ခဲ့ကြကြောင်း"စသည်ဖြင့် အဖွင့်အမှာစကား ပြောကြားသွားသည်။

ဆက်လက်၍ မြန်မာနိုင်ငံလုံးဆိုင်ရာ ဂေါ်ရခါးအဖွဲ့ချုပ်မှ ဒုတိယ ဥက္ကဌ ဦးဆာဂါးရ်မှ ဂေါ်ရခါး ရိုးရာယဉ်ကျေးမှု နှင့် ပတ်သက်၍ အကြောင်းအရာများကို ရှင်းလင်းတင်ပြသွားပြီး၊ တက်ရောက်လာသည့် ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူးနှင့် ဌာနဆိုင်ရာ အကြီးအကဲများ အပါအ၀င် ဧည့်သည်တော်များအား ဂေါ်ရခါးစာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှ အကပဒေသာများဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။

ယင်းနောက် တာချီလိတ်မြို့ ဂေါ်ရခါးစာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှ တာချီလိတ်ခရိုင်ဆေးရုံသို့ ဆေးဝါးများအား ပေးအပ်လှူဒါန်းပြီး တက်ရောက်လာသည့် ဌာနဆိုင်ရာ အကြီးကဲများအား တာချီလိတ် ဂေါ်ရခါး စာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှ ဦးပါရ်သာ(န်)၊ ဦးမော်ဟန်၊ ဒေါက်တာ ဂျီဝမ်း၊ ဦးအောင်စည်သူ နှင့် ဦးဘီစနူးတို့က လက်ဆောင်များပေးအပ်၍ အခမ်းအနား၏ နံနက်ပိုင်း အစီအစဉ်အား ပြီးမြောက်စေခဲ့ကြသည်။

"မြန်မာနိုင်ငံအတွင်းရှိ မြို့ (၃၆)မြို့ ၀န်းကျင်တွင် ဂေါ်ရခါးလူမျိုးများ အများအပြားနေထိုင်ကြောင်း၊ ယခုလို ဂေါ်ရခါး စာပေနှင့်ယဉ်ကျေးမှု အခမ်းအနားမျိုးကို မြို့ပေါင်း (၃၀)ခန့်တွင် ကျင်းပပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ ဂေါ်ရခါးအဖွဲ့ချုပ်အား (၁၉၅၇)ခုနှစ်က ဖွဲ့စည်း တည်ထောင်ထားတာ ဖြစ်ကြောင်း နှင့် ယခုလို ပွဲမျိုးကို အဖွဲ့ချုပ်မှ လှည့်လည်၍ ဒေသခံ ဂေါ်ရခါးစာပေနှင့်ယဉ်ကျေးမှုအဖွဲ့တို့ဖြင့် ပူးပေါင်းကာ ကျင်းပပြုလုပ်တာဖြစ်ကြောင်း" ဂေါ်ရခါးလူမျိုး စာရေးဆရာ ဦးဒီပ မှ တာချီလိတ်အွန်လိုင်းသို့ အဆိုပါ အခမ်းအနား ကျင်းပပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းပြသည်။

တာချီလိတ်မြို့ ဂေါ်ရခါး စာပေနှင့်ယဉ်ကျေးမှုအဖွဲ့တွင် နာယကအဖြစ် ဦးဘီစနူး၊ ဥက္ကဌ အဖြစ် ဦးပါရ်သာ(န်)၊ အတွင်းရေးမှူးအဖြစ် ဦးမော်ဟန်၊ လူငယ် ဥက္ကဌအဖြစ် ဒေါက်တာဂျီဝမ်း၊ လူငယ် ဒုတိယ ဥက္ကဌအဖြစ် ဦးအောင်စည်သူ ဖြစ်ပြီး အဆိုပါအဖွဲ့တွင် အဖွဲ့ဝင် (၂၀)ဦးခန့် ရှိကြောင်း သိရှိရသည်။

ဓါတ်ပုံ/သတင်း။      ။ ကိုဇောင်း

ပုံများကိုကြည့်ရန်
ဂေါ်ရခါးရိုးရာယဉ်ကျေးမှု အခမ်းအနား တာချီလိတ်၌ ပထမအကြိမ် ပြုလုပ်

54 photos
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~