Yabba (ယာဘ)

Yabba (ယာဘ)
ဧပြီ 18, 2014
By Tachileik News Agency

Yabba (ယာဘ)

"လူစည်စည်မှာ အာဘောင် အာရင်း သန်သန်နဲ့ ဟောပြောသူတိုင်းကို အထင်မကြီးကြပါနဲ့။ သူများကို အပြစ်ပြောတဲ့ နေရာမှာ သူရဲကောင်း အထင်ခံရလောက်အောင် ဆေးစွမ်းက ထိရောက်တယ်။ ပြောတာ ဟောတာကို အဟုတ်မှတ်လို့ နောက်လိုက် နောက်ပါ ဖြစ်သွားသူတွေလဲ များတာတွေ့ရတယ်။ အရေးအသားလဲ ပြောင်မြောက်လို့ စာဖတ်ပရိသတ်လဲ မရှားဘူး.." ဆရာဝန်လုပ်ရင်း နိုင်ငံရေးလဲ လုပ်တာမို့ အတွေ့အကြုံအရ အဲလိုပြောနိုင်တာပါ။


အသိပညာပေးဆောင်းပါး ။           ။ ဒေါက်တာတင့်ဆွေ

(ယာဘ) ဆိုတာ Methamphetamine (မက်သမ်ဖတမင်း) ဖြစ်တယ်။ မြန်မာပြည်မှာ ရေခဲလို့လဲခေါ်တယ်။ သူများ နိုင်ငံတွေမှာ Ice, Speed, Meth, Crystal, Crank စသဖြင့်ခေါ်တယ်။ Methamphetamines နဲ့ Caffeine ကိုသာ Ice လို့ခေါ်တာက မှန်တယ်။ အဖြူရောင် အနံ့မရှိဘူး။ ရေ၊ အရက်ထဲမှာ ပျော်ဝင်တယ်။ ပါးစပ်ကနေ သောက်တယ်။ နှာခေါင်းကနေ ရှူတယ်။ ဆေးထိုးအပ်နဲ့လဲ ထိုးတယ်။ ဆေးလိပ်လိုလဲ သောက်တယ်။ ဆေးစွမ်းခံစားရတာကို High လို့ ခေါ်ကြတယ်။

ကလပ်တွေမှာ အသုံးများလို့ Club drug လို့ခေါ်တယ်။ လမ်းပေါ်မှာသုံးတာကို Ice နဲ့ Glass ခေါ်တယ်။ နာမည်ခွဲတွေ ရှိတယ်။ crystal meth, meth, crystal, shabu, batu, d-meth, tina နဲ့ glass တွေဖြစ်တယ်။ Base ကိုလဲ speed dexedrine, dexies, dex, shad, go-ee, glass, tina, paste, oxblood, shabu, crank လို့ ခေါ်တယ်။

ဆေးကုရာမှာလဲ Desoxyn 5-mg tablets ဆေးပြားအနေနဲ့ သုံးတယ်။ ADHD နဲ့ Exogenous obesity အဝလွန်ရောဂါတွေအတွက် ပေးတယ်။ Narcolepsy နဲ့ Depression တခြားဆေးတွေနဲ့ မရတဲ့ စိတ်ဓါတ်ကျ ရောဂါအတွက်လဲ သုံးတယ်။ (မက်သမ်ဖတမင်း)ဟာ အားကောင်းတဲ့ စိတ်ကြွဆေး တမျိုးဖြစ်တယ်။ Psychostimulant ခေါ်တယ်။ Amphetamine ကနေထုတ်တယ်။

ဆေးအဆ နည်းနည်းပေးရင် နိုးကြားနေမှုကို ပိုကောင်းစေမယ်။ အာရုံစိုက်မှုလဲ ပိုမယ်။ အားကုန်ရင်လဲ အားရစေတယ်။ ဆေးအဆများများပေးရင် Mania (မဲနီးယား) နဲ့ Euphoria (ယူဖိုးရီးယား) စိတ်အခြေအနေတွေ အထိ ပြောင်းလာမယ်။ စိတ်ပိုင်းသက်ရောက်မှုတွေကတော့ ကောင်းတာတွေကို ထင်မြင်နေမယ်။ အစပိုင်းလေးမှာ လိင်စိတ်များစေမယ်။ အာရုံစိုက်မှုများမယ်။ ကိုယ့်ကိုယ်ကို အထင်ကြီးနေမယ်။ လူထဲအတင်းလိုက်ရောမယ်။ စိတ်တိုမယ်။ ကြမ်းတမ်းမယ်။ ဆံပင်ကို ဆွဲနေမယ်။ အရေပြား ဆိတ်နေမယ်။ သူများ မမြင်-မကြားတာတွေကို မြင်ကြားနေမယ်။ သူ့မှာ ပါဝါတွေ ရှိနေတယ်လို့ ထင်နေမယ်။ အဲလိုလူတွေမှာ ဆေးမသုံးရရင် အားယုတ်မယ်၊ စိတ်ဓါတ်ကျမယ်၊ အစားတွေ သိပ်စားချင်မယ်၊ စိုးရိမ်စိတ်ကဲမယ်၊ စိတ်တိုမယ်၊ ခေါင်းကိုက်မယ်၊ ဂနာမငြိမ်ဖြစ်မယ်၊ အိပ်ချိန်များမယ်၊ အိပ်မက်အမျိုးမျိုး မက်မယ်။

ရေရှည်မှာ ဆိုးတာတွေ ဖြစ်နိုင်တယ်။ စိတ်ဓါတ်ကျလွန်းလာမယ်။ ကိုယ့်ကိုယ်ကို သတ်သေချင်မယ်။ နှလုံးရောဂါရမယ်။ စိတ်ရောဂါရမယ်။ စိုးရိမ်စိတ် များလွန်းလာမယ်။ စိတ်ကြမ်းတမ်းလာမယ်။ ဒီဆေးသုံးရင် ရုပ်ပိုင်းပြောင်းလဲလာတာတွေ ရှိတယ်။ အစာမစားချင်၊ တက်ကြွနေမယ်၊ အရေပြားနဲ့ မျက်နှာနီရဲနေမယ်၊ ချွေးထွက်များမယ်၊ ဂနာမငြိမ်ဖြစ်မယ်၊ အာခေါင်ခြောက်မယ်၊ ခေါင်းကိုက်မယ်၊ ရင်တုန်မယ်၊ နှလုံးခုန်မြန်မယ်-နှေးမယ်၊ နှလုံးခုန် မမှန်ဖြစ်မယ်၊ အသက်ရှူမြန်မယ်၊ သွေးဖိအားတက်မယ်-ကျမယ်၊ ဝမ်းပျက်မယ်၊ လက်တုန်မယ်၊ အရေပြားယားမယ်၊ ဝက်ခြံထွက်မယ်၊ ဖြူဖတ်ဖြူယော်နေမယ်၊ တက်မယ်၊ နှလုံး (အတက်) ရမယ်၊ သေမယ်။ ဆေးတလွဲသုံးမှုနဲ့ ဆေးစွဲတာပါ ဆက်ဖြစ်လာမယ်။ Amphetamine/Stimulant psychosis စိတ်အခြေအနေတမျိုး ဖြစ်လာမယ်။

တာရှည်သုံးရာကနေ Post-withdrawal syndrome ဆေးဖြတ်ချိန်မှာ ခံစားရမှာတွေ ဖြစ်လာမယ်။ Neurotoxicity အာရုံကြောအဆိပ်သင့်တာလို့ ခေါ်တယ်။ တကယ် ဆေးဖြတ်ပြီးနောက် အချိန်အတော်ကြာအထိ ခံစားနေရမယ်။ (နှလုံးသွေးကြောရောဂါ) လဲ ရလာနိုင်တယ်။ Cocaine (ကိုကိန်း)၊ Amphetamine (အင်ဖက်တမင်း) တို့နဲ့မတူတာက Methamphetamine ဟာ Midbrain ဦးနှောက် အလယ်ပိုင်းမှာရှိတဲ့ Dopamine neurons အာရုံကြောကို ထိခိုက်စေတဲ့ Neurotoxic အာရုံကြောအဆိပ်မျိုး ဖြစ်တယ်။ Parkinson's disease ရောဂါရလမ်းလဲ များတယ်။ ဆေးခံနိုင်စွမ်းကို စမ်းသပ်တာမှာ တယောက်နဲ့တယောက် မတူကြဘူး။ သာယာမှုလမ်းကြောင်းကို သင့်တာထက်ပိုပြီး သက်ရောက်စေထားတဲ့အတွက် Anhedonia ဖြစ်လာမယ်။

ဆေးစွဲသုံးသူတွေမှာ သွားတွေ၊ သွားဖုံးက ပျက်စီးလွယ်တယ်။ အဲဒါကို Meth mouth လို့ ခေါ်တယ်။ ဆေးစွဲတာကို ကုရတာဟာ အတော်ကြီးခက်တယ်။ Bupropion, Aripiprazole, Baclofen ဆေးတွေပေးတာ များတယ်။ ဒါပေမဲ့ အောင်မြင်မှု နည်းတယ်။ L-tyrosine and L-5HTP/tryptophan ခေါ်တဲ့ အမိုင်နိုအက်စစ် အားဆေး နေ့တိုင်း ပေးနိုင်တယ်။ ဗီတာမင် (စီ) ပေးတာလဲ ကောင်းတယ်။ Modafinil ဆေးကိုလဲသုံးတယ်။ Ibogaine နဲ့ Mirtazapine ဆေးတွေကိုလဲ သုံးတယ်။ Behavioral activation therapy စိတ်ကုနည်းလဲသုံးရတယ်။

ဒေါက်တာတင့်ဆွေ
၂၈-၁-၂ဝ၁၄