ဒုတိယအကြိမ်မြောက် တာချီလိတ်မြို့နယ်လုံးဆိုင်ရာ ဆင့်ပွားဓမ္မစကူးလ် ဆရာဖြစ်သင်တန်းဆင်းပွဲ ပြုလုပ်

ဒုတိယအကြိမ်မြောက် တာချီလိတ်မြို့နယ်လုံးဆိုင်ရာ ဆင့်ပွားဓမ္မစကူးလ် ဆရာဖြစ်သင်တန်းဆင်းပွဲ ပြုလုပ်
ဧပြီ 9, 2014
By Tachileik News Agency
တာချီလိတ်မြို့နယ်လုံးဆိုင်ရာ အပတ်စဉ်တနင်္ဂနွေဓမ္မစကူးလ်ကျောင်းတော်မှ ကလေးသူငယ်များအား ယဉ်ကျေးလိမ္မာစေရန်အတွက် ဓမ္မစကူးလ်ကျောင်းတော်များကို ရှမ်းပြည်နယ် အရှေ့ပိုင်း၌ ပိုမိုကျယ်ပြန့်စွာ ဖွင့်လှစ်သင်ကြားပို့ချနိုင်ရန် ဒုတိယအကြိမ်မြောက် တာချီလိတ်မြို့နယ်လုံးဆိုင်ရာ ဆင့်ပွား ဓမ္မစကူးလ်ဆရာဖြစ် သင်တန်းကို (၆)ရက်တိုင်တိုင် ဖွင့်လှစ်ခဲ့ရာ ဧပြီလ(၈)ရက် ညနေပိုင်းက အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားကို တာချီလိတ်မြို့ သီရိမင်္ဂလာဆန်ဆိုင်းကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

အဆိုပါ သင်တန်းဆင်းပွဲတွင် သီရိမင်္ဂလာ ဆန်ဆိုင်းကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တနရိန္ဒ မှ ရှမ်းဘာသာဖြင့် သြ၀ါဒကထာမိန့်ကြားတော်မူပြီး ဓမ္မစကူးလ်ဖောင်ဒေးရှင်း(ဗဟို)သင်တန်းဆရာ ဦးထွန်းလင်းမှ ဓမ္မစကူးလ်ဖောင်ဒေးရှင်းနှင့် ပတ်သက်၍ ၀မ်းမြောက်ကြောင်း လျှောက်ထားတင်ပြသည်။ တဆက်တည်းမှာပင် တာချီလိတ်မြို့နယ်လုံးဆိုင်ရာ အလုပ်အမှုဆောင် ဆရာတော် နှင့် အလုပ်အမှုဆောင် အဖွဲ့ဝင်တို့မှ ၀မ်းမြောက်ကြောင်းနှင့် ကျေးဇူးတင်စကား လျှောက်ထား တင်ပြကြသည်။

ဆက်လက်၍ အဆိုပါ သင်တန်းတွင် သင်ယူခဲ့ကြသော သင်တန်းသား၊ သင်တန်းသူများကို တာချီလိတ်မြို့နယ်လုံးဆိုင်ရာ အလုပ်အမှုဆောင် ဆရာတော်များနှင့် အလုပ်အမှုဆောင် အဖွဲ့ဝင်များမှ သင်တန်းဆင်းလက်မှတ်များနှင့် ဆရာလက်စွဲ စာအုပ်များကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး အမှုဆောင်ဆရာတော်မှ သင်တန်းဆင်းပွဲ အနှစ်ချုပ်တရားတော်ကို ဟောကြား၍ အခမ်းအနားအား ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု(၃)ကြိမ် ရွတ်ဆိုကာ  အောင်မြင်စွာဖြင့် ရုတ်သိမ်းခဲ့ကြသည်။

အဆိုပါ သင်တန်းတွင် ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသရှိ တာချီလိတ်မြို့နယ် အပါအ၀င် မိုင်းယုမြို့နယ်ခွဲ၊ မိုင်းဖြတ်မြို့၊ ကျိုင်းတုံမြို့၊ မိုင်းယောင်းမြို့၊ တာလေမြို့နယ်ခွဲ တို့မှ လာရောက်၍ သင်ယူခဲ့ကြရာ သင်တန်းသား၊ သင်တန်းသူ (၃၆)ဦးနှင့် ပြင်ပလေ့လာသူအဖြစ် (၂၀)ဦး ရှိကြောင်း သိရသည်။

ဒုတိယအကြိမ်မြောက်ဖွင့်လှစ်သည့် ဆင့်ပွားဓမ္မစကူးလ် ဆရာဖြစ်သင်တန်းအား  ဓမ္မစကူးလ်ဖောင်ဒေးရှင်း(ဗဟို)မှ သင်ကြားမှု ဆရာ/မများအဖြစ်  ဆရာ ဦးထွန်းလင်း၊ ဆရာ ဦးဆက်နိုင်ထွန်း နှင့် ဆရာမ ဒေါ်နီနီဝင်း တို့မှ လာရောက်၍ သင်ကြားပို့ချပေးတာဖြစ်ကြောင်း သိရသည်။

ဒုတိယအကြိမ်မြောက်အဖြစ် တာချီလိတ်မြို့နယ်လုံးဆိုင်ရာ ဆင့်ပွားဓမ္မစကူးလ် ဆရာဖြစ်သင်တန်းအား ဧပြီလ(၃)ရက်နေ့မှ ဧပြီလ(၈)ရက်နေ့ထိ (၆)ရက်တိုင်တိုင် သင်ကြားပို့ချပေးမည်ဖြစ်ရာ သင်တန်း ကာလအတွင်း သင်တန်းနည်းပြ ဆရာ/မများအပါအ၀င် သင်တန်းသား သံဃာတော်များနှင့် လူပုဂ္ဂိုလ်များအား ကျွေးမွေးမှုအဖြစ် ဧပြီလ(၃)ရက်နေ့တွင် ၀ိန်းကျောက်ရပ်ကွက်မှ ဦးအိုက်ဆိုင် + ဒေါ်နန်းကျောက် မိသားစု၊ ဧပြီလ(၄/၅)ရက်နေ့ နှစ်ရက်စာအတွက် ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး + ဒေါ်နွေးနွေးလင်း မိသားစု၊ ဧပြီလ(၆)ရက်နေ့တွင် ဝေဠုဝန်ကျောင်းတိုက် ဆရာတော် ဦးနန္ဒမာလာဝံသ၊ ဧပြီလ(၇)ရက်နေ့တွင် ဆန်ဆိုင်း(ခ)ရပ်ကွက်နေ ဦးစိုင်းဆိုင်နွန်း + ဒေါ်နန်းရှဲန်လူ မိသားစု နှင့် ဦးမြအောင် + ဒေါ်နန်းနန်း မိသားစု၊ ဧပြီလ(၈)ရက်နေ့တွင် ဆန်ဆိုင်း(ခ)ရပ်ကွက်မှ ဦးစိုင်းထွန်းစိန် + ဒေါ်နန်းမိငယ် ( Golden Cherry Hotel ) မိသားစု နှင့် ဦးစိုင်းထွန်း + ဒေါ်အားဆန်း မိသားစုတို့မှ အသီးသီး ကုသိုလ်ယူ၍ ပါဝင်လှူဒါန်းထားကြောင်း သိရသည်။

တာချီလိတ်မြို့နယ်တွင် ဓမ္မစကူးလ်ကျောင်းတော်များအဖြစ် လတ်တလောတွင် (၁၂)ကျောင်း ဖွင့်လှစ်နိုင်ခဲ့ပြီး ယခု သင်တန်းတွင်ပါဝင်သော မြို့နယ်များ၌ ကျောင်းတော်များ ဖွင့်လှစ်သွားမှာဖြစ်ကြောင်း သိရှိရသည်။

သတင်း။    ။ ကိုဇောင်း
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~