ထိုင်းဘဏ်မှ ထုတ်ယူလာသည့် ငွေအား ထိုင်းရဲမှ သိမ်းဆည်းထားသည့် အတွက် မြန်မာဘက် ကော်မတီမှ သွားရောက် ကူညီ

ထိုင်းဘဏ်မှ ထုတ်ယူလာသည့် ငွေအား ထိုင်းရဲမှ သိမ်းဆည်းထားသည့် အတွက် မြန်မာဘက် ကော်မတီမှ သွားရောက် ကူညီ
ဧပြီ 19, 2014
By Tachileik News Agency

ပြီးခဲ့သည့် ၂၀၁၄ခုနှစ် မတ်လ(၂၄)ရက်နေ့က ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရှိ ဘဏ်တစ်ခုတွင် ငွေထုတ်ယူပြီး မြန်မာနိုင်ငံဘက်သို့ ပြန်လာသော မြန်မာနိုင်ငံသား တစ်ဦးအား ထိုင်းရဲများမှ မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ မသင်္ကာဖြစ်ကာ စစ်ဆေးသည်ဟု အကြောင်းပြပြီး အဆိုပါ မြန်မာနိုင်ငံသားထံ၌ ပါလာသော ဘဏ်မှထုတ်ယူလာသည့် ငွေများအားလုံးကို သိမ်းဆည်းခံရသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မတ်လ(၂၄)ရက် နံနက်(၇)နာရီခန့်က တာချီလိတ်မြို့ ရွှေတာချီခရီးသွားလုပ်ငန်းမှ ရှမ်းအ၀ိုင်းဂိတ်တွင် အငှားဆိုင်ကယ်ပြေးဆွဲသူ ကိုဇော်မင်းထွေးသည် သင်္ကြန်ကာလအတွင်း အလှူဒါန်း ပြုလုပ်ရန်အတွက် မယ်ဆိုင်မြို့ရှိ ဘဏ်တစ်ခု၏ ငွေထုတ်စက်မှ ထိုင်းဘတ်ငွေ (၇၃၀၀၀)ဘတ်အား သွားရောက် ထုတ်ယူပြီး မြန်မာနိုင်ငံ တာချီလိတ်ဘက်သို့ ပြန်လာမည် အပြုတွင် လမ်းခုလတ်၌ ထိုင်းရဲယူနီဖောင်း ၀တ်ဆင်ထားသည့် ထိုင်းရဲမှ ခေါ်ယူတားမြစ်ပြီး မသင်္ကာ၍ဟူ အကြောင်းပြကာ စစ်ဆေးမှုများပြုလုပ်လာကြောင်း သိရသည်။

အဆိုပါ ထိုင်းရဲမှ စစ်ဆေးစဉ် ကိုဇော်မင်းထွေး၏ အိတ်အတွင်း၌ ဘဏ်မှ ထုတ်ယူလာသော ထိုင်းဘတ်ငွေ (၇၃၀၀၀)အား တွေ့ရှိရသည့်အတွက် မူးယစ်ဆေးဝါးနှင့် ဆက်စပ်မှုရှိနိုင်ကြောင်း အကြောင်းပြကာ အဆိုပါ ငွေအား သိမ်းဆည်းခဲ့ကြသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ကာယကံရှင်ဖြစ်သူ အဌားဆိုင်ကယ်ပြေးဆွဲသည့် ကိုဇော်မင်းထွေးသည် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် ယခုလို ထိုင်းရဲများမှ ငွေညှစ်သိမ်းဆည်းမှုများနှင့် ပတ်သက်၍ ကူညီမှုများပေးနေသော တာချီလိတ်မြို့ရှိ "ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီ"ထံသို့ မတ်လ(၂၅)ရက်နေ့က ဆက်သွယ်၍ အကူအညီတောင်းခံလာရာ ကော်မတီဝင်တစ်ဦးဖြစ်သူ ဦးစည်သူမောင်မှ ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်ရှိ ရဲစခန်းသို့ သွားရောက်၍ တာဝန်ရှိသူများနှင့် တွေ့ဆုံက ညှိနှိုင်းဆောင်ရွက်ပေးကြောင်း သိရသည်။

ထိုသို့ ညှိနှိုင်းဆောင်ရွက်ပေးရာတွင် အဆိုပါကိစ္စနှင့် ပတ်သက်၍ ထိုင်းရဲများမှ သက်သေ အထောက်အထား ခိုင်လုံမှသာ အဆိုပါငွေအား ပြန်လည်၍ ပေးအပ်မှာ ဖြစ်ကြောင်း ပြောကြားလာသည့် အတွက် ကော်မတီဝင် ဦးစည်သူမောင်မှ ကိုဇော်မင်းထွေး၏ ဘဏ်စာအုပ်မိတ္တူနှင့် ပတ်စ်ပို့မိတ္တူ (နိုင်ငံကူးစာအုပ်) (ယာယီ)ကို ပြသပြီး ကာယကံရှင် အနေဖြင့် မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ အမှန်တကယ် ဆက်နွှယ်မှုမရှိကြောင်း စသည်ဖြင့် ဆွေးနွေးတင်ပြ ညှိနှိုင်းပြီးနောက် သင်္ကြန်မရောက်မီ ဧပြီလ(၈)ရက်နေ့ ညနေ(၃း၃၀)အချိန်ခန့်က မယ်ဆိုင်မြို့ ပြည်သူ့ရဲတပ်ဖွဲ့မှူးရုံ၌ ၎င်းတို့ သိမ်းဆည်းထားသော ကိုဇော်မင်းထွေး၏ ငွေများကို ကော်မတီထံ ပြန်လည်လွှဲပြောင်းပေးအပ်ရာ ကော်မတီမှ တာဝန်ရှိသူ တစ်ဦးဖြစ်သည့် ဦးစည်သူမောင်မှ ယူဆောင်လာပြီး အဆိုပါနေ့မှာပင် တာချီလိတ်မြို့ အမှတ်(၁)  ချစ်ကြည်ရေးတံတား၏ လ၀က ရုံးခန်းမှာပင် ကာယကံရှင်ဖြစ်သူ ကိုဇော်မင်းထွေးအား ပြန်လည်၍ တိုက်ရိုက် လွှဲပြောင်းပေးအပ်ခဲ့သည်။

"ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီ"မှ ယခုလို ကူညီဆောင်ရွက်ပေးသည့် ကိစ္စနှင့် ပတ်သက်၍ ကိုဇော်မင်းထွေးမှ အတိုင်းမသိဝမ်းမြောက်ကြောင်း နှင့် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသွားသည်ကို အဆိုပါ ကော်မတီထံမှ သိရှိရသည်။

"ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေး ကော်မတီ"သည် မြန်မာနိုင်ငံသားများအား ကူညီဆောင်ရွက်ပေးနိုင်ရန်အတွက် ၂၀၁၃ခုနှစ် သြဂုတ်လ (၂၆)ရက်နေ့က ဖွဲ့စည်းထားတာဖြစ်ပြီး အဖွဲ့ခေါင်းဆောင်အနေဖြင့် မြို့နယ်အုပ်ချုပ်ရေးမှူးမှ စီမံညွှန်ကြားကာ လုပ်ငန်းကိစ္စများနှင့် ထိုင်းနိုင်ငံဘက်သို့ သွားရောက်ကူညီမှုများကိုတော့ ဒေသခံ တိုင်းရင်းသားများနှင့် မျိုးချစ်ပုဂ္ဂိုလ်များဖြစ်သည့် ကော်မတီဝင်များမှ ဆောင်ရွက်ကြတာဖြစ်ကြောင်း သိရှိရသည်။

သတင်း။      ။ ကိုဇောင်း
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~