ရေနစ်နေသည့် သားကြီးအား ဆင်းကယ်ရာမှ သားငယ်နှင့်မိခင်အပါ ၃ဦးလုံး ရေနစ်သေဆုံး

ရေနစ်နေသည့် သားကြီးအား ဆင်းကယ်ရာမှ သားငယ်နှင့်မိခင်အပါ ၃ဦးလုံး ရေနစ်သေဆုံး
ဇူလိုင် 6, 2013
By Tachileik News Agency

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စု၊ ရန်ကုန်ကျေးရွာနေ အသက်(၂၉)နှစ်အရွယ် ဒေါ်လုတနှင့် ၎င်း၏သားများဖြစ်ကြသည့် ကျော်လင်းထွန်း(၁)နှစ်(၈)လသား နှင့် အသက်(၉)လသားအရွယ် ကျော်လင်းအောင် တို့ သားအမိ(၃)ဦးသည် ဇူလိုင်လ(၅)ရက်နေ့ နံနက်(၁၀)နာရီအချိန်ခန့်က ရေနစ်ကာ (၃)ဦးလုံး သေဆုံးမှုဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ အိမ်ထောင်ဦးစီးဖြစ်သူ ဦးချီးယိုသည် ရန်ကုန်ကျေးရွာနှင့် တစ်မိုင်ကျော်အကွာအဝေးရှိ ၎င်းပိုင်တောင်ယာတွင် လယ်ထွန်ရန် ညအိပ်သွားရောက်မည်ဖြစ်သဖြင့် ခင်ပွန်း ညအိပ်ရာတွင် လိုအပ်သော ပစ္စည်းများကို ဇနီးဖြစ်သူ ဒေါ်လုတနှင့် သားများဖြစ်ကြသော ကျော်လင်းထွန်း၊ကျော်လင်းအောင်တို့မှ လမ်းလျှောက်သွားရောက် ပို့ဆောင်ခဲ့ကြသည်။

ခင်ပွန်းသည် သည် လက်တွန်း လယ်ထွန်စက်ဖြင့် လယ်ထွန်နေစဉ် ဒေါ်လုတနှင့်သားများ လယ်ထဲရှိ တဲထဲ၌်ခေတ္တနားနေခဲ့သည်။ နားနေပြီးခေတ္တအကြာ သားကြီးကျော်လင်းထွန်းသည် လယ်တဲအနီး ရေကန်ဘေးတွင် ပြေးဆော့နေစဉ် ရေကန်အတွင်းပြုတ်ကျသွားသဖြင့် မိခင်ဒေါ်လုတမှ ကလေးအငယ် ကျော်လင်းအောင်အား ကျောပိုးလျှက်ဖြင့် ရေကန်သို့ဆင်းပြီး ဆယ်ယူရာတွင် ကလေး(၂)ဦး အပါအ၀င် မိခင်ဖြစ်သူပါ (၃)ဦးစလုံး ရေနစ်ပြီး နံနက်(၁၀)နာရီတွင် သေဆုံးမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ခင်ပွန်းဖြစ်သူ ဦးချီးယို မှ ဖြစ်စဉ်အား အသံကြားသလိုလိုရှိသော်လည်း လက်ထွန်နေသဖြင့် ဂရုမပြုသတိမထားမိခဲ့ကြောင်း လယ်ထွန်ပြီး လယ်တဲသို့ပြန်လာရာ ဇနီးနှင့်ကလေး(၂)ဦးကို မတွေ့ရသဖြင့် လိုက်လံရှာဖွေရာမှ ကလေး(၂)ဦးမှာ ရေပေါ်တွင်ပေါ်နေပြီး မိခင်မှာ ရေကန်အတွင်းနစ်မြုပ်နေသဖြင့် သက်ဆိုင်ရာသို့ သတင်းပို့ခဲ့ကြောင်းသိရသည်။

သေဆုံးသူ ဒေါ်လုတနှင့် ကလေး(၂)ဦး ရေနစ်ခဲ့သော ကန်မှာ အလျှားပေ(၁၀၀) အနံ(၇၅)ပေရှိသော ကန်ဖြစ်ပြီး သေဆုံးသူ(၃)ဦးစလုံးကို တာချီလိတ်ပြည်သူ့ဆေးရုံကြီးတွင် ဆေးစစ်မှုများပြုလုပ်ခဲ့ကြောင်း ရဲစခန်းအနေဖြင့်လည်း သေမှုသေခင်းဖြင့်အမှုဖွင့်ထားရှိကြောင်း သိရှိရသည်။

သတင်းပေးပို့သူ ။      ။ သာစည်မျိုးသန့်