၂၀၁၃-၂၀၁၄ဘဏ္ဍာရေးနှစ် စီမံကိန်းတာဝန်ပေးအပ်ပွဲ မိုင်းဆတ်၌ ကျင်းပပြုလုပ်

၂၀၁၃-၂၀၁၄ဘဏ္ဍာရေးနှစ် စီမံကိန်းတာဝန်ပေးအပ်ပွဲ မိုင်းဆတ်၌ ကျင်းပပြုလုပ်
မေ 23, 2013
By Tachileik News Agency

ရှမ်းပြည်နယ်၊ မိုင်းဆတ်ခရိုင်တွင် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် စီမံကိန်းတာဝန်ပေးအပ်ပွဲနှင့် စတုတ္ထအဆင့် ပြုပြင်ပြောင်းလဲရေးအတွက် လုပ်ငန်းအစုအဖွဲ့များ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ သီရိရတနာခန်းမ၌ မေလ (၂၀)ရက်နေ့  နံနက် ၁၀ နာရီ က ကျင်းပပြုလုပ်ကြောင်းသိရသည်။

အခမ်းအနားတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်အုန်း က နိုင်ငံတော်၌  ပထမအဆင့်အနေဖြင့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှု၊  ဒုတိယအဆင့်အနေဖြင့် စီးပွားရေးပြုပြင်ပြောင်းလဲမှု၊ တတိယအဆင့်အနေဖြင့် အုပ်ချုပ်ရေးဆိုင်ရာပြုပြင်ပြောင်းလဲမှု စသည်ဖြင့် ပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်များ ဆောင်ရွက်ခဲ့ပါကြောင်း၊  ယခု ၂၀၁၃ ခုနှစ်၊ မေလ (၁) ရက်နေ့မှာ စတုတ္ထပြုပြင်ပြောင်းလဲမှုအဖြစ် ပုဂ္ဂလိက ကဏ္ဍပြောင်းလဲမှုဖွံ့ဖြိုးရေး လုပ်ငန်းစဉ်ကို စတင်ခဲ့ပြီးဖြစ်ကြောင်း အဖွင့် အမှာစကားတွင် ထည့်သွင်း ပြောကြားသွားသည်။

ဆက်လက်၍ ခရိုင်စီမံကိန်းရေးဆွဲရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကျော်ဦးက စီမံကိန်းတာဝန်များ ပေးအပ်ရခြင်းနှင့် စပ်လျဉ်းပြီး ရှင်းလင်းတင်ပြသည်။ ထို့နောက်ခရိုင်အုပ်ချုပ်ရေးမှူးက စီမံကိန်းတာဝန်များအား မိုင်းဆတ်မြို့နယ်အုပ်ချုပ်ရေးမှူး မိုင်းတုံမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မိုင်းပျဉ်းမြို့နယ်အုပ်ချုပ်ရေးမှူးတို့ထံ ပေးအပ်ပြီး အစည်းအဝေးအား ခေတ္တရပ်နားသည်။

ထို့နောက် မွန်းလွဲ ၁ နာရီတွင် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ပြန်လည်ကျင်းပရာ မြို့မိမြို့ဖ ဦးစိုင်းချစ်သောင်း၊ လုပ်ငန်းရှင် ဦးစိုင်းဝဏ္ဏ၊ မြို့နယ်စည်ပင်သာယာရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဦးထွန်းထွန်း၊ မိုင်းဆတ်မြို့နယ်အုပ်ချုပ်ရေးမှူး၊ မိုင်းတုံမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မိုင်းပျဉ်းမြို့နယ်အုပ်ချုပ်ရေးမှူးတို့က မြို့နယ်အလိုက် ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်မည့် လုပ်ငန်းအစုအဖွဲ့များနှင့် စပ်လျဉ်းပြီး အသီးသီးရှင်းလင်းတင်ပြသည်။ တင်ပြချက်များနှင့်ပတ်သက်၍ ခရိုင် စီမံကိန်းရေးဆွဲရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးက ပြန်လည်ရှင်းလင်းပြီး အစည်းအဝေးဆုံးဖြတ်ချက်များ ချမှတ်သည်။

သတင်းပေးပို့သူ။          ။ဝေယံလင်းလက် (မိုင်းဆတ်)