မိုင်းဆတ်ခရိုင် မိုင်းခုတ်မြို့နယ်ခွဲ၌ ဧပြီလအတွင်းက လေဘေးသင့်ခဲ့

မိုင်းဆတ်ခရိုင် မိုင်းခုတ်မြို့နယ်ခွဲ၌ ဧပြီလအတွင်းက လေဘေးသင့်ခဲ့
မေ 3, 2013
By Tachileik News Agency

 ဧပြီလအတွင်းက ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဆတ်ခရိုင် မိုင်းခုတ်မြို့နယ်ခွဲ ၀မ်ကောင်းကျေးရွာအုပ်စု၌ မိုးသည်းထန်စွာ ရွာသွန်းခြင်း နှင့် လေပြင်းတိုက်ခတ်ခြင်းဒဏ်တို့ကြောင့် အိမ်ထောင်စု(၂၆)စု လေဘေး
ဒဏ်ခံခဲ့ရကြောင်း သိရသည်။

 အဆိုပါလေဘေးသင့် အိမ်ထောင်စုများအတွက် ပြည်နယ်အစိုးရအဖွဲ့မှ ပေးပို့ထောက်ပံ့သည့် ငွေကျပ် (၁၀)သိန်းကို ၀မ်ကောင်းကျေးရွာရှိ  အမကကျောင်း၌ ပေးအပ်ပွဲပြုလုပ်ရာ ပြည်နယ်အစိုးရအဖွဲ့ကိုယ်စား မိုင်းဆတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်အုန်းက ကျေးရွာအုပ်ချုပ်ရေးမှူးထံ တဆင့်ပြန်လည်ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

ဧပြီလ(၂၉)ရက်နေ့က မိုင်းဆတ်ခရိုင် မိုင်းပျဉ်းမြို့ထဲရှိ ဟောင်ကန်ကျေးရွာအုပ်စု၊ ၀မ်းယမ်းကျေးရွာအား နမ့်ပိန်းချောင်း ရေတိုက်စားမှုအန္တရာယ်နှင့် ကြုံနေရကြောင်းသိရသည်။ အဆိုပါကျေးရွာအတွင်းရှိ ကျေးရွာသူ/သားများအတွက် အဆင်ပြေစေရန် နှင့် ရေတိုက်စားမှုအန္တရာယ်ကင်းဝေးရန်အတွက် ပြင်ဆင်မှုများ နှင့် ကာကွယ်မှုများပြုလုပ်နိုင်ရန် ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ ထောက်ပံ့ငွေ ကျပ်သိန်းတစ်ရာအား ပေးအပ်လာရာ မိုင်းဆတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်အုန်း နှင့် ကျေးရွာအတွင်းရှိ တာဝန်ရှိသူများက ရေတိုက်စားမှုအန္တရာယ်ကင်းဝေးရန်အတွက် စတင်ပြုလုပ်နေကြောင်းလည်း သိရသည်။

တဆက်တည်းမှာပင် မိုင်းဆတ်ခရိုင်အတွင်း၌ တံတားဆောက်လုပ်ရေး အထူးစီမံကိန်း အထူးအဖွဲ့(၉)မှ တာဝန်ယူဆောက်လုပ်နေသည့် တုံတာတံတားဆောက်လုပ်ခြင်း၊  မိုင်းပျဉ်းတံတား   အသစ်ပြန်လည် တည်ဆောက်ခြင်း အပြင် မိတ္ထီလာ- တောင်ကြီး - ကျိုင်းတုံ – တာချီလိတ် ပြည်ထောင်စုလမ်းမကြီး( တာကော်-မိုင်းပျဉ်း-ကျိုင်းတုံလမ်း အပိုင်း) ပြင်ဆင် ထိန်းသိမ်းခြင်းလုပ်ငန်းများ ပြုလုပ်လျှက်ရှိကြောင်း သတင်းရရှိသည်။