ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နှင့်အဖွဲ့မှ မိုင်းဖုန်း(က)ရှိ ကျေးရွာသူ ကျေးရွာသားများအား တွေ့ဆုံ

ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နှင့်အဖွဲ့မှ မိုင်းဖုန်း(က)ရှိ ကျေးရွာသူ ကျေးရွာသားများအား တွေ့ဆုံ
မေ 16, 2013
By Tachileik News Agency

ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်မေထွန်း ဦးဆောင်သော ပြည်ခိုင်ဖြိုးပါတီမှ ခရိုင်ပါတီကော်မတီဝင် ဦးလွန်းသူ နှင့် မြို့နယ်ပါတီကော်မတီဝင်များသည် တာချီလိတ်မြို့နယ် မိုင်းဖုန်း(က)ကျေးရွာအုပ်စုရှိ ဟိုနားအာခါကျေးရွာသို့ သွားရောက်ကာ ကျေးရွာသူ ကျေးရွာသားများနှင့် တွေ့ဆုံမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံပွဲသို့ ဟိုနားအာခါကျေးရွာ သူကြီး ဦးအားစို့ နှင့် ရွာသူ ရွာသား (၃၀)ကျော်တက်ရောက်လာခဲ့ကြပြီး ၎င်းတို့အား ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်မေထွန်းက "ကျွန်မတို့တိုင်းရင်းသားများဟာ အားနာတတ်တာတွေ၊ ရှက်ကြောက်တတ်တာတွေ ရှိကြပြီး ကျေးရွာအတွက် လိုအပ်ချက်တွေကို မတင်ပြရဲ၊ မပြောရဲ မဆိုရဲ ဖြစ်နေတတ်ကြပါတယ်၊ အဲ့ဒါကြောင့် ဒီကနေ့ ရွာသားများဖက်မှ ပွင့်ပွင့်လင်းလင်းတင်ပြကြပါ"ဟု ရွာသားများအား အားပေး တိုက်တွန်းစကားပြောကြားလာရာ ရွာသားများဖက်မှလည်း လက်ရှိအခြေအနေနှင့် လိုအပ်ချက်များကို တင်ပြခဲ့ကြောင်း သိရသည်။

ကျေးရွာသူ ကျေးရွာသားများဘက်မှ တင်ပြချက်နှင့် ပတ်သက်၍ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်မေထွန်းမှ ပြန်လည်ရှင်းလင်းပြောကြားခဲ့ပြီး ၎င်းတို့၏ တင်ပြချက်များကိုလည်း မှတ်တမ်းယူခဲ့ကြသည်။

ဆက်လက်၍ ၎င်းတို့အဖွဲ့သည် ဟိုနားအာခါကျေးရွာမှ အပြန် ပိန်းညောင်(၂)ကျေးရွာသို့ ၀င်ရောက်ပြီး အဆိုပါကျေးရွာအတွင်းရှိ စိန်ဂျော်ကီးဘုရားရှိခိုးကျောင်းတွင် လိုအပ်နေသော ဘုရားကျောင်းခေါင်းလောင်း တစ်လုံးကို ကျေးရွာဓမ္မဆရာနှင့် ရွာသူကြီးတို့ထံ ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

သတင်းပေးပို့သူ။         ။ သာစည်မျိုးသန့်