ခရိုင်အား/ကာ နှင့် ပြည်ခိုင်ဖြိုးပါတီတို့မှ ပူးပေါင်း၍ နွေရာသီ အားကစားသင်တန်းပို့ချလျှက်ရှိ

ခရိုင်အား/ကာ နှင့် ပြည်ခိုင်ဖြိုးပါတီတို့မှ ပူးပေါင်း၍ နွေရာသီ အားကစားသင်တန်းပို့ချလျှက်ရှိ
မတ် 16, 2013
By Tachileik News Agency

တာချီလိတ်ခရိုင်/မြို့နယ် အားကစား ကာယပညာဦးစီးဌာနနဲ့ တာချီလိတ်မြို့
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီတို့ကပူးပေါင်းပြီး နွေရာသီ ကျောင်းပိတ်ရက်များအတွင်း
ကျောင်းသား ကျောင်းသူများအတွက် အကျိုးရှိစေမဲ့ အခြေခံသင်တန်းများဖြစ်တဲ့  ဘောလုံး၊ ကြက်တောင်၊ စားပွဲတင်တင်းနစ်၊ ကရာတေးဒို ၊ပြိုင်ပွဲဝင် အေရိုးဗစ် သင်တန်း(၅)မျိုးတို့ဖြင့် (၁၀-၃-၂၀၁၃) မှ (၁၀-၄-၂၀၁၃) ရက်နေ့ အထိ မိုးလုံလေလုံ အားကစားရုံကြီးထဲမှာ ဖွင့်လှစ်သင်ကြားပေးလျှက်ရှိကြောင်း သိရပါတယ်။

နံနက်ပိုင်းမှာတော့ ကြက်တောင် နဲ့ စားပွဲတင်တင်းနစ် ကစားနည်းများကို သင်ကြားပေးပြီး ညနေပိုင်းမှာတော့ ပြိုင်ပွဲဝင် အေရိုးဗစ်သင်တန်းကို သင်ကြားပေးသည့်အပြင် မကာဟိုခမ်းရပ်ကွက်ရှိ ပြည်ခိုင်ဖြိုးပါတီရုံးမှာလည်း ကရာတေးဒိုသင်တန်းကိုသင်ကြားပေးလျှက်ရှိပြီး မြို့မအားကစားကွင်းမှာ ဘောလုံးသင်တန်းကို ဖွင့်လှစ်သင်ကြားပေးလျှက်ရှိပါတယ်။ သင်တန်း(၅)မျိုးဖွင့်လှစ်ရာမှာ ခရိုင် အား/ကာ ကပြိုင်ပွဲဝင် အေရိုးဗစ်သင်တန်းနဲ့ ဘောလုံးသင်တန်းတို့ကို တာဝန်ယူဖွင့်လှစ်သင်ကြားပေးတာဖြစ်ပြီး ပြည်ခိုင်ဖြိုးပါတီက ကြက်တောင်၊ စားပွဲတင်တင်းနစ်၊ ကရာတေးဒိုသင်တန်းတို့ကို တာဝန်ယူ ပူးပေါင်းဖွင့်လှစ်တာလို့လည်း သိရပါတယ်။

ကရာတေးဒိုသင်တန်းကို သင်ကြားပေးရာမှာ နည်းပြဆရာများအဖြစ် ဆရာ ဦးတင်မောင်လှ နဲ့အတူ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲတပ်ကြပ်ကြီး ညီလှအောင် တို့က တာဝန်ယူသင်ကြားပေးတာဖြစ်ပါတယ်။ ကရာတေးဒိုသင်တန်းဆရာ ဦးမောင်လှက အခုလို သင်တန်းပေးရတာနဲ့ပတ်သက်ပြီး " အခုလို နွေရာသီရောက်တိုင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း လက်ထက်ကတည်းကနေ ယနေ့ ပါတီဖြစ်တဲ့အထိ (၃)ကြိမ်တိုင်တိုင် သင်တန်းပို့ချပြီးဖြစ်ပါတယ်။ လူငယ်ထုတွေ လမ်းမှား မရောက်စေဖို့အတွက် ယခုထက်ကို ပိုပြီး ထိထိရောက်ရောက် အားပေးတာမျိုး၊ သင်ကြား ပေးတာမျိုးတွေ ပြုလုပ်ရမှာပါ၊ ယနေ့လူငယ်အများစုအနေနဲ့ တာချီလိတ်မှာ ရေပန်းစားနေတဲ့ ဂိမ်းကစားခုံတွေ လောင်းကစားဝိုင်းတွေမှာ လူငယ်ထုတွေလည်း ရောက်နေပါတယ်။ အဲ့ဒီလူငယ်ထုတွေ မှန်ကုန်တဲ့ လမ်းပေါ်ရောက်စေရေးအတွက် ကျွန်တော်တို့ ၀ါသနာပါတဲ့ တတ်ထားတဲ့ ပညာတွေလည်း မျိုးဆက်သစ်တွေကို အမွေပေး ပြန့်ပွားအောင်သင်ကြားပေးရတဲ့အတွက် တကယ့်ကို ၀မ်းသာပီတိဖြစ်ရပါတယ်၊ ယနေ့လူငယ်ထုတွေ လမ်းကြိုလမ်းကြားမှာရှိတဲ့ ဂိမ်းကစားခုံတွေ
 လောင်းကစားဝိုင်းတွေကိုတော့ အလွတ်ရ သိနေတာတွေ ပပျောက်ပြီး
 နိုင်ငံရေးပါတီရုံးတွေ၊ ပြန်ကြားရေးရုံး၊ စာနယ်ဇင်းရုံး အစရှိတဲ့ အကျိုးဖြစ်စေမဲ့နေရာတွေ ရုံးတွေကို သိသွားအောင်၊ သိသွားပြီးတော့လည်း သွားလာတတ်အောင် ၀ိုင်းဝန်းဆောင်ရွက်သွားကြရမှာ ဖြစ်တယ်"လို့ ပြောပါတယ်။

ကြက်တောင်နည်းများအဖြစ် ဦးဇော်မိုး၊ ဦးဒီးဒီး၊ ဦးစိုင်းယီမွန်း၊ ဦးအောင်ဝင်း၊ ဦးအောင်ဟိန်းမိုး နဲ့ မအားလန်တို့က တာဝန်ယူသင်ကြားပေးကြပြီး သင်တန်းသားစာရင်းအရ သင်တန်းသား(၈၀)ဦးရှိကြောင်း သိရပါတယ်။ ကြက်တောင်သင်တန်း နည်းပြဆရာ ပြည်ခိုင်ဖြိုးပါတီမှ မြို့နယ်ပါတီကော်မတီဝင် ဦးအောင်ဝင်း က "ခုလိုသင်တန်းတွေ ဖွင့်လှစ်ပေးခြင်းဟာ ကျောင်းသား ကျောင်းသူတွေအနေနဲ့ ဗဟုသုတ အသိပညာ များတိုးပွားသလို မိဘများလည်း ကျောင်းပိတ်ရက်အတွင်း သင်တန်းတက်နေတဲ့ သားသမီးတွေကို စိတ်ချရတာပေါ့၊ ကျွန်တော်တို့ပါတီအနေနဲ့ တာဝန်ယူထားတဲ့ အားကစား(၃)မျိုးမှာ အားကစားဝတ်စုံ နဲ့ ကြက်တောင်၊ စားပွဲတင်တင်းနစ်တွေကို တာဝန်ယူလုပ်ပေးမှာ ဖြစ်ပါတယ်၊
ကျောင်းပိတ်ရက်အတွင်းမှာ ကျွန်တော်တို့ သိနားလည်သမျှ မျိုးဆက် သစ်လူငယ်လေးတွေကို သင်ကြားပေးရတဲ့အတွက် တကယ့်ကိုဝမ်းသာပီတိဖြစ် ရပါတယ်"လို့ပြောကြားသွားပါတယ်။

ဆက်လက်ပြီး ဘောလုံးကစားနည်းကိုလည်း သင်တန်းနည်းပြဆရာများအဖြစ် ဦးသန်းလှိုင်(အား/ကာ)၊ ဦးဆန်းအောင်၊ ဦးနေထွန်း နဲ့ ဦးမင်းမင်းတို့က တာဝန်ယူ သင်ကြားပေးတာဖြစ်ပြီး
ဘောလုံးကစားနည်းနဲ့ ပတ်သက်၍ "ကလေးလူငယ်တွေ မလိုလားအပ်တဲ့ လမ်းမှားကို မရောက်စေရန်အတွက် အားကစားနဲ့ထိန်းကျောင်းပြီး မြန်မာ့အားကစားမြင့်မားရေး ရွက်ပုန်းသီး အားကစားသမားတွေ ပေါ်ထွန်းလာစေရေး  အတွက် ကျွန်တော်တို့ အား/ကာ နဲ့တင်မရပါဘူး၊ ဒါကြောင့် တာဝန်ယူကူညီပြီး ပူးပေါင်းဖွင့်လှစ်ပေးတဲ့ ပြည်ခိုင်ဖြိုးပါတီကိုလည်း     အား/ကာ ကိုယ်စား အထူးပင်ကျေးဇူးတင်ရှိပါတယ်၊   နောင်နှစ်များမှာလည်း ယခုထက်မက လုပ်ဆောင်နိုင်ပါစေလို့ ဆန္ဒပြုပါတယ်"လို့ ဦးအုံးသန်း ခရိုင်အား/ကာ က ပြောကြားသွားပါတယ်။

ထို့အတူပင် တာချီလိတ်မြို့ရှိ နွေရာသီကာလအတွင်း ကျောင်းသား ကျောင်းသူ ကလေးသူငယ်များအနေဖြင့် အချိန်ကို အကျိုးရှိစွာ အသုံးတည့်စေရန်အတွက် ဘုန်းကြီးကျောင်းများ အသင်းအဖွဲ့ဝင်များမှ ယဉ်ကျေးလိမ္မာသင်တန်းများကိုလည်း ပို့ချပေးလျှက်ရှိကြောင်း သိရပါတယ်။