တာလေမြို့နယ်ခွဲတွင် စိန်ဂျိုးဇက် ဘုရားရှိခိုးကျောင်းကြီးအား ဆောက်လုပ်ပြီးစီး၍ ဖွင့်ပွဲပြုလုပ်မည်

တာလေမြို့နယ်ခွဲတွင် စိန်ဂျိုးဇက် ဘုရားရှိခိုးကျောင်းကြီးအား ဆောက်လုပ်ပြီးစီး၍ ဖွင့်ပွဲပြုလုပ်မည်
မတ် 11, 2013
By Tachileik News Agency

တာချီလိတ်ခရိုင် တာလေမြို့နယ်ခွဲရှိ သီရိကျေးရွာမှာ တော်ဝင်မြန်မာမိသားစုက အသစ်ပြန်လည် ဆောက်လုပ်လှူဒါန်းထားတဲ့ "စိန်ဂျိုးဇက် ဘုရားရှိခိုးကျောင်းကြီး"ကို မတ်လ(၁၉)ရက်နေ့မှာ ဖွင့်လှစ်မှာဖြစ်ကြောင်း သတင်းရရှိပါတယ်။


ဘုရားကျောင်းကို ဆောက်လုပ်ရန်အတွက် ပြီးခဲ့သော ၂၀၁၁ခုနှစ် ဧပြီလ(၃)ရက်နေ့က ကျိုင်းတုံသာသနာပိုင် ဂိုဏ်းအုပ်ဆရာတော်ကြီး ပီတာလွီးစ်ကျာခူ နဲ့ ဘုန်းတော်ကြီးများက အုတ်မြစ်ချပေးခဲ့ပြီး အလှူရှင်ဖြစ်တဲ့ တာချီလိတ်မြို့မှ  ဦးကြည်မြင့်(ခ)ကားလို + ဒေါ်နန်းခမ်း(ခ)အားနာ ( တော်ဝင်မြန်မာ မိသားစု)က အသစ်ပြန်လည် ဆောက်လုပ်လှူဒါန်းတာဖြစ်ကြောင်း သိရပါတယ်။ ဆောက်လုပ်ပြီးစီးသွားတဲ့ "စိန်ဂျိုးဇက် ဘုရားရှိခိုးကျောင်းကြီး"ကို ဖွင့်ပွဲအခမ်းအနား ပြုလုပ်မည့်နေ့မှာ ကျိုင်းတုံသာသနာပိုင် ဂိုဏ်းအုပ်ဆရာတော်ကြီး ပီတာလွီးစ်ကျာခူ က ကောင်းချီးပေး၍ ဖွင့်လှစ်ပေးမှာဖြစ်ကြောင်း သိရပါတယ်။ "စိန်ဂျိုးဇက် ဘုရားရှိခိုးကျောင်းကြီး"ကို ဆောက်လုပ်ပြီးစီးပြီး ဖွင့်ပွဲအဖြစ် ပြုလုပ်သည့် အမှတ်တရအနေဖြင့်လည်း ဖွင့်ပွဲသို့လာရောက်သူများကို ကံစမ်းမဲများနှိုက်ပေးမှာ ဖြစ်ကြောင်းလည်း သိရပါတယ်။

၂၀၁၁ခုနှစ် မတ်လ(၂၄)ရက်နေ့ ည(၈း၂၅)နာရီက (၆.၈)ရစ်တာစကေးရှိတဲ့ အင်အားပြင်း ငလျင်ကြီးလှုပ်ခတ်သွားပြီး အဆောက်အဦအတော်များများ ပြိုကျပျက်စီးမှုများဖြစ်သွားခဲ့ရာ သီရိကျေးရွာရှိ ကက်သလစ် ဘုရားရှိခိုးကျောင်းကြီး အပါအ၀င် ပြိုကျပျက်စီးခဲ့ရတာကြောင့် တော်ဝင်မြန်မာ မိသားစုက အခုလို အသစ်ပြန်လည်ဆောက်လုပ်လှူဒါန်းတာဖြစ်တယ်လို့ သိရပါတယ်။