တာချီလိတ်မြို့၌ မြို့နယ်စည်ပင်သာယာရေးကော်မတီ နှင့် မြို့နယ်အထောက်အကူပြုကော်မတီ ဖွဲ့စည်းမှုပြီးစီး

တာချီလိတ်မြို့၌ မြို့နယ်စည်ပင်သာယာရေးကော်မတီ နှင့် မြို့နယ်အထောက်အကူပြုကော်မတီ ဖွဲ့စည်းမှုပြီးစီး
မတ် 20, 2013
By Tachileik News Agency

မတ်လ(၂၀)ရက်နေ့ (၁၄း၂၀)နာရီက မြို့နယ်စည်ပင်သာယာရေးကော်မတီ နှင့် မြို့နယ်အထောက်အကူပြုကော်မတီအတွက် ကော်မတီဝင်များကို ရွေးချယ်ခြင်းအဖြစ် တာချီလိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမမှာ ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

ကော်မတီနှစ်ရပ်ဖွဲ့စည်းခြင်း အခမ်းအနားမှာ တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူး၊ တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒု-ရဲမှူးကြီး နေမျိုးထွဋ် နဲ့ ဌာနဆိုင်ရာများ၊ ကျားဖြူပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းသိန်းအောင် အပါအ၀င် ရပ်မိရပ်ဖများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ နဲ့ ကော်မတီနှစ်ရပ်အတွက် ရွေးချယ်ခံမည့် ပုဂ္ဂိုလ်များ တက်ရောက်လာခဲ့ကြတာကို တွေ့ရပါတယ်။

{ မဲများကို ရေတွက်နေစဉ်}

ကော်မတီနှစ်ရပ်ကို ဖွဲ့စည်းရာမှာ တာချီလိတ်မြို့နယ်ရှိ ရပ်ကွက်များမှ ရွေးချယ်ထားသော တစ်ရပ်ကွက်လျှင်(၃)ဦး စုစုပေါင်း (၂၄)ဦးတို့က ၀င်ရောက်ရွေးချယ်ကြတာဖြစ်ပြီး ထိုသို့ရွေးချယ်ရာမှာ ၀င်ရောက်ရွေးချယ်ခံသူ (၂၄)ဦးကပင် မိမိတို့ဆန္ဒအရ နှစ်သက်သူများကို မဲပေးစနစ်ဖြင့် ရွေးချယ်ခဲ့ကြတာဖြစ်ပါတယ်။

ကော်မတီအတွက် ရွေးချယ်ခြင်းမပြုလုပ်မီမှာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး နဲ့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူးတို့က ကော်မတီဖွဲ့ခြင်းကိစ္စများနဲ့ ကော်မတီဝင်အဖြစ်ရွေးချယ်ရာမှာ  မဲဆန္ဒပြုနည်းများနဲ့ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့ကြပါတယ်။ ထို့သို့ ရှင်းလင်းပြောကြားရာမှာ "ပြည်ထောင်စုမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး၏ (၂၆.၂.၂၀၁၃) ရက်စွဲပါ အမိန့်ကြေငြာစာအမှတ် (၂၇/၂၀၁၃)အရ တိုင်းဒေသကြီး(သို့မဟုတ်)
 ပြည်နယ်အစိုးရ၊ နေပြည်တော်ကောင်စီ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဦးစီးအဖွဲ့တို့က တိုင်းဒေသကြီး(သို့မဟုတ်)ပြည်နယ် ခရိုင်နဲ့မြို့နယ်များအလိုက် တာဝန်ထမ်းဆောင်နေကြတဲ့ ဌာနဆိုင်ရာ ၀န်ထမ်းများကို ဥပဒေနှင့်အညီ ကြီးကြပ်စစ်ဆေးခြင်းများ၊ ပေါင်းစပ်ညှိနှိုင်းခြင်းတို့ကို ထိရောက်ဆောင်ရွက်နိုင်ရန် အတွက်အပြင်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၆(က) နှင့်(ဂ)တို့အရ အမျိုးသားစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသဆိုင်ရာအဖွဲ့အစည်းများနဲ့ ပုဂ္ဂလိကစတဲ့ အင်အားစုများက ပါဝင်ပြီး အများပြည်သူတို့ရဲ့ လူမှုစီးပွားနေထိုင်မှု အဆင့်အတန်း မြှင့်တင်ရေးရှေးရှု
ဆောင်ရွက်နိုင်ရန်အတွက်အပြင်၊ မြို့နယ်နဲ့ရပ်ကွက်(သို့မဟုတ်)ကျေးရွာအုပ်စု၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုကော်မတီများ ဖွဲ့စည်းဆောင်ရွက် သွားရန်အတွက် ကြော်ငြာစာထုတ်ထားကြောင်း" စသည်ဖြင့် ရှင်းလင်းပြောကြားသွားခဲ့ပါတယ်။

 { ရမှတ်များကို ပေါင်းနေကြစဉ် }

ဝင်ရောက်အရွေးချယ်ခံသူ(၂၄)ဦးတို့မှ ၎င်းတို့ဆန္ဒအရ မဲပေးကြရာမှာ ပထမဦးစွာ မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဖြစ် ရွေးချယ်ကြရာ ဦးစိုင်းကျော်ဇံ က ရမှတ်(၃၁)မှတ်ဖြင့် ဥက္ကဌနေရာကို ရရှိသွားပြီး ဦးစိုင်းလုံမား က (၁၅)မှတ်ရကာ အဖွဲ့ဝင်အဖြစ် ရွေးချယ်ခြင်းကို ခံရတာဖြစ်ပါတယ်။

ဆက်လက်ပြီး မြို့နယ်စည်ပင်သာယာရေးကော်မတီ ရဲ့ လူမှုရေး(သို့မဟုတ်)စီးပွားရေးအဖွဲ့အစည်း ကိုယ်စားလှယ် အဖြစ် ဦးမြင့်ဦး နဲ့ သက်ဆိုင်ရာလုပ်ငန်းအလိုက် ကျွမ်းကျင်ပညာရှင်အဖြစ် ဦးထိန်မင်း တို့ကို ရွေးချယ်ခဲ့ကြပါတယ်။ ကော်မတီရဲ့ အတွင်းရေးမှူးအဖြစ် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှူဆောင်အရာရှိ ဦးကိုကို က တာဝန်ယူမှာဖြစ်ပြီး ထွေ/အုပ်မှ ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းအောင် က အဖွဲ့ဝင်အဖြစ် တာဝန်ယူဆောင်ရွက်စေမှာဖြစ်ပါတယ်။

မြို့နယ်စည်ပင်သာယာရေးကော်မတီတစ်ရပ်ကို ဖွဲ့စည်းပြီးနောက်မှာတော့ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုကော်မတီ ကို ဖွဲ့စည်းနိုင်ရန်အတွက် အထက်ပါအတိုင်း မဲဆန္ဒဖြင့် အတည်ပြုရွေးချယ်ကြရာ ဥက္ကဌအဖြစ် ဦးကြည်မြင့်၊ အတွင်းရေးမှူးအဖြစ် ဦးကျော်ငြိမ်း၊ အဖွဲ့ဝင်အဖြစ် ဦးမောင်လေး တို့ကို  ရွေးချယ်ခဲ့ကြပြီး ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှူဆောင်အရာရှိ ဦးကိုကို တို့ကလည်း အဖွဲ့ဝင်အဖြစ် တာဝန်ယူဆောင်ရွက်မှာဖြစ်ကြောင်း သိရပါတယ်။

ဆက်လက်ပြီး မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုကော်မတီရဲ့ လူမှုအဖွဲ့အစည်းကိုယ်စားလှယ်အဖြစ် ဦးထွန်းနေဦး၊ စီးပွားရေးအသင်းအဖွဲ့ကိုယ်စားလှယ်အဖြစ် ဦးတင်နွယ်၊ တောင်သူလယ်သမား ကိုယ်စားလှယ်အဖြစ် ဦးပေတလု တို့ကို ရွေးချယ်ခဲ့ကြပါတယ်။

ယနေ့ ဖွဲ့စည်းလိုက်တဲ့ ကော်မတီနှစ်ရပ်ကို ယခုလအတွင်းအပြီး ဖွဲ့စည်းရမှာဖြစ်ပြီး ဖွဲ့စည်းထားပြီးဖြစ်တဲ့ ကော်မတီများကို ဧပြီလ(၁)ရက်နေ့ကစပြီး စတင် အသက်ဝင် လှုပ်ရှားရမှာဖြစ်ကြောင်း သိရပါတယ်။

ပုံများကိုကြည့်ရန်