ကမ္ဘောဇဘဏ်ရဲ့ (၁၀၀)မြောက် ဘဏ်ခွဲကို တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက်မှာ ဖွင့်လှစ်ပြီ

ကမ္ဘောဇဘဏ်ရဲ့ (၁၀၀)မြောက် ဘဏ်ခွဲကို တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက်မှာ ဖွင့်လှစ်ပြီ
မတ် 21, 2013
By Tachileik News Agency

တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက် အမှတ်(၂) ထိုင်း-မြန်မာချစ်ကြည်ရေးတံတားအနီးရှိ ကမ္ဘောဇဘဏ်လီမိတက်ရဲ့ (၁၀၀)မြောက်ဘဏ်ခွဲဖြစ်တဲ့ တာချီလိတ်ဘဏ်ခွဲ(၂) မယ်ခေါင်ဘဏ်ခွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီက စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြတာဖြစ်ပါတယ်။

ဖွင့်ပွဲအခမ်းအနားသို့ ကမ္ဘောဇဘဏ်လီမိတက် ဥက္ကဌ ဦးအောင်ကိုဝင်း၊ ဒု-ဥက္ကဌ(၂)ဦးသန်းလွင်၊ ဒါရိုက်တာ ဒေါ်နန်းလိုင်းခမ်း နဲ့ ဒါရိုက်တာအဖွဲ့ဝင်များအပါအ၀င် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရှိ Bangkok bank, Krun Thai Bank, Kasikorn Bank, Siam Commercial Bank, Thai Military Bank နဲ့ Thanachet Bank များမှ ဌာနကိုယ်စားလှယ်များ၊ တာချီလိတ်မြို့ပေါ်ရှိ မြန်မာ့စီးပွားရေးဘဏ် နဲ့ ညီနောင်မိတ်ဖက်ဘဏ်များမှ ဘဏ်ခွဲတာဝန်ခံများ၊ ကမ္ဘောဇဘဏ်လီမိတက် ရုံးချုပ်ဌာနအသီးသီးမှ အကြီးအကဲများ၊ ဌာနဆိုင်ရာများ၊ မြို့မိမြိုဖများနဲ့ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှ ဧည့်သည်တော်များ တက်ရောက်လာခဲ့ကြတာကို တွေ့ရပါတယ်။

အခမ်းအနားမှာ ကမ္ဘောဇဘဏ်လီမိတက် ဒါရိုက်တာ ဒေါ်နန်းလိုင်းခမ်းက အဖွင့်အမှာစကားပြောကြားပြီး ကမ္ဘောဇဘဏ်လီမိတက် နိုင်ငံတကာဘဏ်လုပ်ငန်းဆိုင်ရာဌာနမှ အုပ်ချုပ်မှုဒါရိုက်တာ ဦးညိုမြင့်က အင်္ဂလိပ်ဘာသာစကားဖြင့် ကမ္ဘောဇဘဏ်လီမိတက် နဲ့ ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး တာချီလိတ်မြို့ ဒေသခံမြို့မိမြို့ဖများနှင့် ကုန်သွယ်လုပ်ငန်းရှင်များကိုယ်စား တာချီလိတ်မြို့နယ်ကုန်သည်များ နှင့် စက်မှုလက်မှုလုပ်ငန်းအသင်းချုပ် ဥက္ကဌ ဦးမြင့်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြတာဖြစ်ပါတယ်။

အဲ့ဒီနောက်မှာတော့ ကမ္ဘောဇဘဏ်လီမိတက်ရဲ့ (၁၀၀)မြောက်ဘဏ်ခွဲဖြစ်တဲ့ တာချီလိတ်(၂) မယ်ခေါင်ဘဏ်ခွဲကို ဖွင့်လှစ်ရာ ကမ္ဘောဇဘဏ်လီမိတက် ဒါရိုက်တာ ဒေါ်နန်းလိုင်းခမ်း အပါအ၀င် ဒေသခံ တိုင်းရင်းသူ (၄)ဦးတို့နဲ့ ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြပြီး ဥက္ကဌ ဦးအောင်ကိုဝင်း နဲ့ ဒါရိုက်တာအဖွဲ့ဝင်များ၊ ထိုင်း-မြန်မာ ဧည့်သည်တော်များက ဘဏ်အတွင်းလှည့်လည်ကြည့်ရှု့စေခဲ့ကြပါတယ်။

ကမ္ဘောဇဘဏ်လီမိတက်အနေဖြင့် မြန်မာနိုင်ငံ နေရာဒေသအနှံ့အပြားမှာ ထပ်မံပြီး ဘဏ်ခွဲသစ်များသာမက Mini Bank များကိုလည်း ဆက်လက်တိုးချဲ့ဖွင့်လှစ်သွားမှာဖြစ်ကြောင်း သိရပါတယ်။ ယခု ဖွင့်လှစ်လိုက်တဲ့ ကမ္ဘောဇဘဏ်လီမိတက်ဟာ တာချီလိတ်မြို့အတွက် ဒုတိယဘဏ်ခွဲဖြစ်ပြီး ပထမဘဏ်ခွဲကိုတော့ တာလော့ရပ်ကွက် အမှတ်(၁) ထိုင်း-မြန်မာချစ်ကြည်ရေးတံတားအနီးမှာ ဖွင့်လှစ်ထားတာဖြစ်ပါတယ်။

ပုံများကိုကြည့်ရန်