လူဦးရေနှင့် အိမ်အကြောင်းအရာ စမ်းသပ်သန်းခေါင်စာရင်းကို တာလော့ရပ်ကွက်မှာ စတင် ကောက်မည်

လူဦးရေနှင့် အိမ်အကြောင်းအရာ စမ်းသပ်သန်းခေါင်စာရင်းကို တာလော့ရပ်ကွက်မှာ စတင် ကောက်မည်
မတ် 28, 2013
By Tachileik News Agency

၂၀၁၃ခုနှစ် မတ်လ(၃၀)ရက်နေ့မှ ဧပြီလ(၁၀)ရက်နေ့အထိ စမ်းသပ်သန်းခေါင်စာရင်းကောက်ရန်အတွက် ယနေ့ နေ့လည်ပိုင်းက တာချီလိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမမှာ စမ်းသပ်သန်းခေါင်စာရင်းကောက်ရာမှာ ပါဝင်မဲ့ ခရိုင်/မြို့နယ်/ရပ်ကွက် သန်းခေါင်စာရင်း ကော်မတီဝင်များတွေ့ဆုံကြပြီး လုပ်ငန်းစဉ်အတွက် စည်းဝေးခဲ့ကြကြောင်း သိရှိရပါတယ်။

စမ်းသပ်သန်းခေါင်စာရင်းကို တာလော့ရပ်ကွက်အတွင်း မတ်လ(၃၀)ရက်နေ့ ညနေ(၆)နာရီမှာ စတင်ကောက်မှာဖြစ်ပြီး တာလော့ရပ်ကွက်မှာ ယခင် စာရင်းအရ  အိမ်ထောင်စု စာရင်း(၃၈၅)နဲ့ လူဦးရေ (၁၆၇၄)ဦးရှိကြောင်း သိရပါတယ်။ သန်းခေါင်စာရင်းရဲ့ အကျိုးရလဒ်မှာ မိမိတို့နေထိုင်ရာ နယ်မြေများအတွင်းမှာ လိုအပ်ချက်တွေဖြစ်တဲ့ စာသင်ကျောင်း အရေအတွက်၊ ဆေးရုံ/ဆေးပေးခန်း အရေအတွက်၊ ရေပေးဝေမှုစနစ်၊ လျှပ်စစ်ဓါတ်အားဖြန့်ဝေရမည့် ပမာဏ၊ လမ်းတံတားဖောက်လုပ်ပေးရမည့် အခြေအနေ၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရမည့် အခြေအနေ၊ နယ်မြေကာကွယ်ရေးအတွက် လိုအပ်ချက်များ၊ လူမှုစီးပွား ဘ၀ဖွံ့ဖြိုးတိုးတက်မှု အခြေအနေများ၊ မသန်စွမ်းသူများစောင့်ရှောက်ရေး၊ ဘိုးဘွားများစောင့်ရှောက်ရေး နဲ့ အမျိုးသမီးများနှင့် ကလေးသူငယ်များစောင့်ရှောက်ရေး စသည့် အချက်အလက်များကို ဆောင်ရွက်ပေးနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် သန်းခေါင်စာရင်းကောက်ရာမှာ လုပ်သားပြည်သူများကလည်း သန်းခေါင်စာရင်း ပုံစံအတွင်းရှိ မေးခွန်းများကို မှန်ကန်စွာဖြေပေးဖို့ လိုကြောင်းလည်း သိရပါတယ်။

မြန်မာနိုင်ငံသန်းခေါင်စာရင်း ကောက်ခံခြင်းနဲ့ပတ်သက်၍ ခရိုင်လ၀က ဒု-ညွှန်ကြားရေးမှူး ဦးကျော်စွာလွင်က " မြန်မာသက္ကရာဇ် (၉၉၉)ခုနှစ် သာလွန်မင်းတရားလက်ထက် နဲ့ (၁၁၄၅)ခုနှစ် ဘိုးတော်ဘုရားလက်ထက်တို့မှာလည်း သန်းခေါင်စာရင်းသဘော သက်ရောက်တဲ့ စစ်တမ်းများကို ကောက်ယူခဲ့ကြပါတယ်။ (၁၈၇၂)ခုနှစ်မှ (၁၉၄၁)ခုနှစ်ထိ မြန်မာပြည်မှာ (၁၀)နှစ်တစ်ကြိမ် ကောက်ယူခဲ့ကြပါတယ်။ လွတ်လပ်ရေးရပြီး (၁၉၅၃)ခုနှစ်မှာ မြို့(၂၅၂)မြို့နဲ့ (၁၉၅၄)ခုနှစ်မှာ ကျေးရွာအုပ်စု(၃၁၅၉)တို့ကို ကောက်ယူခဲ့ပါတယ်။ (၁၉၇၃)ခုနှစ်မှာလည်း သန်းခေါင်စာရင်းကောက်ရာမှာ လူဦးရေ(၂၈.၉၂)သန်း နဲ့ (၁၉၈၃)ခုနှစ်မှာ လူဦးရေ (၃၅.၃၀)သန်းရှိခဲ့ပါတယ်"လို့ ရှင်းလင်းပြောကြားသွားခဲ့ပါတယ်။


မြို့နယ်လ၀က ဦးစီးမှူး ဦးသိန်းလွင်က အစည်းအဝေးမှာ "မြန်မာနိုင်ငံမှာ မြို့နယ်ပေါင်း (၃၃၀)၊ အိမ်ထောင်စုပေါင်း (၁၁)သန်း၊ ရပ်ကွက်ပေါင်း (၃၀၄၄)၊ ကျေးရွာအုပ်စုပေါင်း (၁၃၆၂၈)၊ ကျေးရွာပေါင်း (၆၄၃၄၆) နဲ့ ကောက်ကွက်ပေါင်း (၉၁၀၀၀)ရှိပြီး တာချီလိတ်မြို့နယ်အနေနဲ့ လူဦးရေပေါင်း (၁၂၈၀၀၀)၊ ရပ်ကွက်အုပ်စုပေါင်း (၁၃)စု၊ ကျေးရွာပေါင်း(၂၁၆)ရွာ၊ အိမ်ထောင်စုပေါင်း (၂၈၃၈၆)စု၊ နဲ့ကောက်ကွက်ပေါင်း (၁၈၉)ကွက် ရှိပါတယ်"လို့  ရှင်းလင်းပြောကြားသွားခဲ့ပါတယ်။


ပုံများကိုကြည့်ရန်