တာလေငလျင် (၂)နှစ်ပြည့် ( သတင်းဆောင်းပါး )

တာလေငလျင် (၂)နှစ်ပြည့် ( သတင်းဆောင်းပါး )
မတ် 24, 2013
By Tachileik News Agency
တာလေငလျင် (၂)နှစ်ပြည့် ( သတင်းဆောင်းပါး )

ဆောင်းပါးရှင် ။    ။ မြတ်မျိုးမြင့်မာန်

၂၅.၃.၂၀၁၁ မနက်(၆)နာရီ မှာ ရန်ကုန်မှာ ပညာရေးဌာနအလုပ်ရုံဆွေးနွေးပွဲတက်နေတဲ့ ကျွန်တော့်ကို တာချီလိတ်က တပည့် တစ်ယောက်က ဖုန်းနဲ့ တာလေမှာ ညက အကြီးအကျယ် ငလျင်လှုပ်တယ်လို့ အကြောင်းကြားပါတယ်။

တာလေက မိမိအသိမိတ်ဆွေ မိဘပြည်သူတွေ အတွက်ကော မိုင်းဖုန်း အိမ်မှာ ကျန်ခဲ့တဲ့မိသားစု အတွက်ပါ စိတ်ပူမှုက ချက်ချင်းရင်ထဲမှာ ပြင်းထန်စွာ
ဖြစ်ပေါ်လာတာနဲ့ ဖုန်းဆက်ရပါတော့တယ်။ အသိဌာနဆိုင်ရာ အကြီးအကဲတွေကော တာလေမြို့နယ်ခွဲ နားယောင်းအုပ်စုအုပ်ချုပ်ရေးမှူး ညီငယ်ဦးစောလှမွန်ကို ဖုန်းဆက်ကြည့်တော့ "ဟုတ်တယ်ဆရာ။ လူတွေသေကုန်ကြပြီ အဆောက်အဦတွေလည်း အများကြီးပျက်စီးတယ်  အဲ့ဒါကြောင့် ကယ်ဆယ်ရေးတွေကို ကျွန်တော်တို့ ဆောင်ရွက်နေကြပြီ" ပြောမှ အသေအချာ သိလိုက်ရပါတယ်။

မိုင်းဖုန်းက မိသားစုဆီ ဖုန်းဆက်ကြည့်တော့ မိုင်းဖုန်းမှာတော့ ဘာမှအဲ့ဒီလောက်မဖြစ်ဘူးတဲ့။ မိသားစုအတွက် စိတ်အေးရပြီဖြစ်ပေမယ့် တာလေက မိဘပြည်သူတွေအတွက်ကိုတော့ စိတ်ပူမှုက ရှိနေဆဲပါ။ လူမှုကူညီမှုတွေ အမြဲဆောင်ရွက်လေ့ရှိတဲ့ ကျွန်တော့်အနေနဲ့ တတ်စွမ်းသမျှကူညီပေးဖို့
နောက်တစ်နေ့လေယာဉ်နဲ့အမြန်ဆုံး ရန်ကုန်ကနေ ပြန်ခဲ့ပါတယ်။

တာချီလိတ်ရောက်တာနဲ့ ပညာရေးဌာနမှာလည်း အမှတ်(၂)အခြေခံပညာက ညွန်ကြားရေးမှူး ဆရာကြီးဦးအောင်ချိန် ၊ပြည်နယ်ပညာရေးမှူး (ရှမ်းအရှေ့)ဦးစိုးနိုင်၊ အရေးပေါ် အမြန်ခန့်အပ်ခံရတဲ့ မြို့နယ်ပညာရေးမှူးအသစ် ဦးသန်းစိုးအောင်၊ အငြိမ်းစားယူတာ မကြာသေးတဲ့ ဆန်ဆိုင်း အထကကျောင်းအုပ်ကြီး(အငြိမ်းစား) ဆရာကြီးဦးအတူး စတဲ့ ပညာရေးမိသားစုတွေ စုစည်းဆောင်ရွက်နေတာကို တွေ့ရပါတယ်။ ပျက်ဆီးဆုံးရှုံးမှုများတဲ့ အတွက် အရေးပေါ် ဖွဲ့စည်းတဲ့ တာလေမြို့နယ်ခွဲ ငလျင်ဒေသ ပညာရေးဆိုင်ရာ ကယ်ဆယ်ရေးနဲ့ပြန်လည်ထူထောင်ရေးကော်မတီမှာ ကျွန်တော့်အနေနဲ့အလုပ်အမှုဆောင်တာဝန်ပေးခံရပြီး တာလေနဲ့တာချီလိတ် တစ်နေ့ ဘယ်နှစ်ကြိမ်မှန်းမသိ သွားလာကူညီဆောင်ရွက်ရတာတွေ၊ တာလေမှာ ညအိပ်ဆောင်ရွက်ရတာတွေ ကွင်းဆင်းကူညီရတာတွေနဲ့ ကယ်ဆယ်ရေးနဲ့ပြန်လည်ထူထောင်ရေး တာဝန်ကြားမှာ
နေ့မနား ညမအား ဆောင်ရွက်ခဲ့ရပါတော့တယ်။

ဒါက ကျွန်တော် ရဲ့အပိုင်းကိုတင်ပြတာပါ။ ဒေသအခြေအနေကို ဆက်လက်တင်ပြပါ့မယ်။ အဲ့ဒီကိုရောက်လို့ စုံစမ်းလိုက်တော့  (၂၄.၃.၁၁) ည(၈)နာရီခွဲခန့်မှာ အင်အားရစ်ခ်ျစတာစကေး (၆.၈)အဆင့်ရှိတဲ့ ငလျင်ကြီးလှုပ်ခဲ့ကြောင်းနဲ့ တာချီလိတ်မြို့နယ်နဲ့ တာလေမြို့နယ်ခွဲ မှာရှိတဲ့ ရပ်ကွက်ကျေးရွာများမှာ လူနေအိမ်တိုက်တာ အဆောက်အဦတွေ ပြိုကျ၊ ကွဲအက်၊ ယိမ်းယိုင်မှုတွေရယ်၊ လူတွေသေဆုံးမှုများစွာဖြစ်ခဲ့ကြောင်းသိရှိခဲ့ရပါတယ်။

စာရင်းဇယားနဲ့ပြောရရင် တာလေမြို့နယ်ခွဲ နားယောင်းအုပ်စုမှာ(၁၁)ရွာ၊ မိုင်းလင်း(အနောက်)အုပ်စုမှာ (၈)ရွာ၊ မိုင်းလင်းအရှေ့အုပ်စုမှာ(၄) ရွာ၊ စုစုပေါင်း (၂၃)ရွာ ငလျင်ဒဏ်သင်ခဲ့ပါတယ်။ မိုင်းကိုးကျေးရွာအုပ်စု ကျကူနီကျေးရွာမှာလည်းငလျင်ဒဏ်သင့်ခဲ့ပါတယ်။ အဲ့ဒီရွာမှာ တော ဘုရားကျောင်းအဆောက်အဦမှာ ဘုရားကျောင်းတက်နေတဲ့ ရွာသား(၂၁)ဦးအသက်ဆုံးရှုံးခဲ့ကြောင်း သိရပါတယ်။ ပြိုကျတဲ့ အဆောက်အဦ (၃၆၆)လုံး၊ နံရံပြိုကျတာက(၇၅)လုံး၊ နံရံအက်ကွဲ(၁၂၇)လုံး၊ ယိမ်းယိုင်အိမ်က(၁၈၂)လုံး ဖြစ်ခဲ့တာကြောင့် စုစုပေါင်း အိမ်(၇၅၀) ငလျင်ဒဏ်သင့်ခဲ့ပါတယ်။ သေဆုံးသူ အရပ်သား(၆၅)ဦး၊ တပ်ရင်းတပ်ဖွဲ့မှ (၁၁)ဦးရှိခဲ့ကြောင်းလည်း သိရပါတယ်။

တာလေအထက အပါအ၀င် စာသင်ကျောင်း(၁၆)ကျောင်းလည်း ငလျင်ဒဏ်သင့်ခဲ့ကြောင်း သိရှိရပါတယ်။ သို့သော်လည်း နောက်ဆက်တွဲ ငလျင်ငယ်များကြောင့် နောက်ပိုင်း ပျက်စီးမှုတွေဆက်ရှိတဲ့ အဆောက်အဦများလည်း ထပ်မံရှိခဲ့တယ်လို့ သိရပါတယ်။

ငလျင်ဖြစ်ဖြစ်ချင်းဘဲ ဒေသရှမ်းအရှေ့ ပယကဥက္ကဌ ဗိုလ်မှူးချုပ်သန်းထွန်းဦးနဲ့
ဒေသခရိုင်/မြို့နယ် အုပ်ချုပ်ရေးမှူးများဦးဆောင်မှုနဲ့ ကယ်ဆယ်ရေးလုပ်ငန်းများကို ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အခြားအဖွဲ့အစည်းများကပူးပေါင်းပြီး ကယ်ဆယ်ရေးလုပ်ငန်းများကို ကြိုးစားဆောင်ရွက်ခဲ့ကြပါတယ်။ နိုင်ငံတော် ဒု- သမ္မတဒေါက်တာစိုင်းမောက်ခမ်း ကိုယ်တိုင် ပြည်ထောင်စုဝန်ကြီးများနဲ့အတူ
အကြိမ်ကြိမ်လာရောက်ပြီး ကူညီဆောင်ရွက်ပေးခဲ့ပါတယ်။ ဒါ့အပြင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစပ်အောင်မြတ်နဲ့ ပြည်နယ်ဝန်ကြီးများကလည်း အနီးကပ်လာရောက်ပြီး လိုအပ်တာများကို အဘက်ဘက်မှ ကူညီပေးခဲ့ကြပါတယ်။

ဒေသလူမှုရေးအဖွဲ့အစည်းများ၊ နိုင်ငံတကာလူမှုရေးအဖွဲ့အစည်းများကလည်း လာရောက် ကူညီခြင်းလှူဒါန်းမှုများကိုလည်း ရက်ရက်ရောရော ဆောင်ရွက်ကူညီခဲ့ကြပါတယ်။ ဘာသာရေး အဖွဲ့အစည်းများကလည်း တက်ကြွစွာကူညီလှူဒါန်းကြတာကို တွေ့ရပါတယ်။ အနိဌာရုံများနဲ့ ပြည့်နေတဲ့ တာလေငလျင်သက်ရောက်မှု မြင်ကွင်းဟာ နိုင်ငံတော်နဲ့ ပြည်သူလူထု ပူးပေါင်း ဆောင်ရွက်တာရယ်၊ အဖွဲ့အစည်းအမျိုးမျိုးရဲ့ စေတနာတွေကြောင့် လပိုင်းအတွင်း ပြန်လည်တည်ငြိမ်ပြီး ကျန်ရှိတဲ့
ဒေသခံတွေဟာ ယခင်ထက်ပင် ဖွံ့ဖြိုးတိုးတက်မှုရဲ့ အကျိုးတွေကို ခံစားနေရပြီဖြစ်ပါတယ်။

နိုင်ငံတော်က အချိန်နှင့်တပြေးညီ ကျောင်းမဖွင့်မီ ပျက်စီးနေတဲ့ ကျောင်းတွေအားလုံးကို
ပြန်လည်တည်ဆောက်နိုင်တဲ့ အတွက် ကျောင်းဖွင့်အမီ ကျောင်းသားများ စာသင်ကျောင်းများမှာ ပျော်ပျော်ရွှင်ရွှင် အချိန်မီသင်ကြားခွင့်ရခဲ့ပါတယ်။ ဒါ့အပြင် ဆေးရုံ၊ ရဲစခန်း၊ ဆက်သွယ်ရေးရုံးစတဲ့ ပျက်စီးနေတဲ့ အဆောက်အဦများနေရာမှာ ခေတ်မီ လှပတဲ့ ဒီဇိုင်းအသစ် အဆောက်အဦတွေနဲ့ တာလေဟာ မြို့နယ်ခွဲလို့သာ ပြောရတာ တဖြေးဖြေးနဲ့ တိုးတက်ဖွံ့ဖြိုးလာတာကို သိသာစွာတွေ့ရှိရပါတယ်။

တာလေမှာ အခုသွားကြည့်မယ်ဆိုရင် ငလျင်လှုပ်ခဲ့တယ်ဆိုတာ ပြောမှသိနိုင်တော့မှာပါ။ ဘယ်လိုဘဲဖြစ်ဖြစ် မြန်မာ့သမိုင်းမှာတော့ ငလျင်ကြီးလို့ပြောရမယ့် အဆင့်လှုပ်ခဲ့တဲ့ တာလေငလျင်သမိုင်းလေးကိုတော့ မသိတဲ့သူများ ပြန်လည်ပြီး ဗဟုသုတဖြစ်ရအောင်လို့  (၂)နှစ်ပြည့် တာလေငလျင်

အကြောင်း ပြန်လည်တင်ပြခြင်း ဖြစ်ပါကြောင်း နဲ့ ဆောင်းပါးလေးကို အဆုံးသတ် လိုက်ပါတယ်။

Photo From
@EPA
@Zaung

ဆောင်းပါးရှင် ။    ။ မြတ်မျိုးမြင့်မာန်