တာချီလိတ်မြို့တွင် ရှမ်း/ရှေ့ သတ္တုလုပ်ငန်းရှင်များအသင်းအတွက် အလုပ်အမှုဆောင် ရွေးချယ်

တာချီလိတ်မြို့တွင် ရှမ်း/ရှေ့ သတ္တုလုပ်ငန်းရှင်များအသင်းအတွက် အလုပ်အမှုဆောင် ရွေးချယ်
အောက်တိုဘာ 24, 2012
By Tachileik News Agency

၂၀၁၂ခုနှစ် အောက်တိုဘာ(၂၄)ရက်နေ့  နံနက်(၉း၃၀)နာရီက တာချီလိတ်မြို့ရှိ မြို့နယ်ထွေ/အုပ်ရုံး အစည်းဝေး ခန်းမမှာ ရှမ်းပြည်နယ်(အရှေ့ပိုင်း) သတ္တုလုပ်ငန်းရှင်များအသင်း အလုပ်အမှုဆောင် ရွေးချယ်ပွဲ နှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး အခမ်းအနားကို ပြုလုပ်ကျင်းပခဲ့ကြပါတယ်။

အဆိုပါ အခမ်းအနားဟာ ရှမ်းပြည်နယ် အရှေ့ပိုင်းတွင် သတ္တုလုပ်ငန်းရှင်များအသင်း ဖြစ်ပေါ်လာရန်အတွက် အလုပ်အမှုဆောင်(၁၃)ဦးရွေးချယ်ရန်ဖြစ်ပါတယ်။ ကနဦးတွင် (၅)ဦးဖွဲ့ခဲ့ပြီး ကျန်(၈)ဦးအား ရွေးချယ်ရန်ဖြစ်ပြီး စုစုပေါင်း(၁၃)ဦး ရွေးချယ်ပြီးသွားပါက ပြည်ထဲရေးသို့ စာရင်းတင်သွင်းသွားမယ်လို့ သိရပါတယ်။

ယခုလို အလုပ်အမှုဆောင် ရွေးချယ်ပွဲ နှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး အခမ်းအနားသို့ တက်ရောက်လာရန်အတွက် တာချီလိတ်မြို့ရှိ သတ္တုတူးဖော်ရေးကုမ္ပဏီ (၅၀)ကျော်ကို ဖိတ်ကြားထားခဲ့ပေမဲ့ သတ္တုတူးဖော်ရေးကုမ္ပဏီ(၂၇)ခုသာ တက်ရောက်လာခဲ့ကြပြီး တက်ရောက်လာသူများမှာ သတ္တုလုပ်ငန်းရှင်များ မန်နေဂျာများ စသည်ဖြင့် တက်ရောက်လာခဲ့တာကိုတွေ့ရပါတယ်။

အသင်း၏ အတွင်းရေးမှူးဖြစ်သူ ဦးတင်နွယ်(စိုင်းလောင်ဟိန်း သတ္တုတူးဖော်ရေးကုမ္ပဏီ)၏ ပြောကြားချက်အရ အသင်းအား တရားဝင်မှတ်ပုံတင်ပြီးသွားပါက အသင်းသို့ အသင်းဝင်လိုသူများအား လျှောက်လွှာခေါ်ယူသွားဖို့ သတင်းစာများတွင် ကြေညာပေးသွားမည်ဖြစ်ကြောင်းနဲ့ အသင်းဝင်ကြေးအဖြစ် အားလုံးသဘောတူညီချက်အရ ကျပ်(၅)သိန်းနဲ့ နှစ်စဉ်ကြေး(၁၂၀၀၀၀)ကို လတ်တလော သတ်မှတ်ထားကြောင်း သိရပါတယ်။

ဟိုယခင်က သတ္တုလုပ်ငန်းရှင်များအသင်းကို အစိုးရ၀န်ထမ်းများဖြင့် ဖွဲ့စည်းထားခဲ့သော်လည်း ယခုမူ အသင်းတစ်ခုလုံးအား သတ္တုလုပ်ငန်းရှင်များဖြင့်သာ ဖွဲ့စည်းသွားမည်ဖြစ်ပြီး အသင်းတွင် ဥပဒေအကြံပေးပညာရှင်များ သတ္တုပညာရှင်များ စသည်ဖြင့် ထားရှိမှာဖြစ်ကြောင်း သိရပါတယ်။

သတ္တုလုပ်ငန်းရှင်များအသင်းအား ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ဖွဲ့စည်းထားပြီဖြစ်ပြီး ယခု အသင်းဖွဲ့စည်းခြင်းမှာ ရှမ်းပြည်နယ် အရှေ့ပိုင်းအတွက် ဖြစ်တယ်လို့သိရပါတယ်။ ရှမ်းပြည်နယ် အရှေ့ပိုင်း သတ္တုလုပ်ငန်းရှင်များအသင်း၏ ဥက္ကဌ အဖြစ် တာဝန်ယူထားသူမှာ ဦးမြင့်ဦး(မြင့်ဦးအောင် သတ္တုတူးဖော်ရေးကုမ္ပဏီ)ဖြစ်ပြီး အတွင်းရေးမှူးအဖြစ် ဦးတင်နွယ်(စိုင်းလောင်ဟိန်း သတ္တုတူးဖော်ရေးကုမ္ပဏီ)က တာဝန်ယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ပုံများကို ကြည့်ရန်