မူးယစ်ဆေးဝါး ရေခဲ (၆)ကီလိုအား သယ်ဆောင်လာသည့် မြန်မာနိုင်ငံဘက်မှ အမျိုးသမီး(၄)ဦးကို ထိုင်းနိုင်ငံ မယ်ကျန့် စစ်ဆေးရေးဂိတ်တွင် ဖမ်းမိ

မူးယစ်ဆေးဝါး ရေခဲ (၆)ကီလိုအား သယ်ဆောင်လာသည့် မြန်မာနိုင်ငံဘက်မှ အမျိုးသမီး(၄)ဦးကို ထိုင်းနိုင်ငံ မယ်ကျန့် စစ်ဆေးရေးဂိတ်တွင် ဖမ်းမိ
အောက်တိုဘာ 29, 2012
By Tachileik News Agency

အောက်တိုဘာ(၂၆)ရက်နေ့ နံနက်ပိုင်းက ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင် မယ်ကျန့်မြို့ရှိ စစ်ဆေးရေးဂိတ်မှာ မူးယစ်ဆေးဝါးများကို သယ်ဆောင်လာတဲ့ မြန်မာနိုင်ငံသား အမျိုးသမီးလေးဦးကို မူးယစ်ဆေးဝါးများနဲ့အတူ ဖမ်းဆီးရမိကြောင်း ထိုင်းနိုင်ငံမီဒီယာများရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

မယ်ကျန့်မြို့ လင်းကုတ်မိန်းလမ်းမကြီးဘေးရှိ ကိုးမြို့ရှင် နတ်စင်ရှေ့က စစ်ဆေးရေးဂိတ်မှာ ခရီးသည်များအား ထိုင်းရဲများမှ စစ်ဆေးမှုများပြုလုပ်နေရာ မူးယစ်ဆေးဝါးများဖြစ်တဲ့ ရေခဲများကို တစ်ဦးလျှင် (၁.၅)ကီလိုနှုန်းဖြင့် ခါးနဲ့ဝမ်းဗိုက်မှာ ချီပြီးသယ်ဆောင်လာတဲ့ အမျိုးသမီး(၄)ဦးကို မူးယစ်ဆေးဝါးနဲ့အတူ ဖမ်းဆီးမိခဲ့ပါတယ်။ ဖမ်းဆီးရထားတဲ့ အမျိုးသမီး(၄)ဦးအား ဆက်လက်ရှာဖွေစစ်ဆေးရာမှာ ပန်းရောင်ကတ်ပြားဖြစ်တဲ့ မြန်မာနိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကိုင်ဆောင်ထားသော မြန်မာနိုင်ငံသားများ ဖြစ်တယ်လို့ သိရပါတယ်။

မယ်ကျန့်ရဲစခန်းမှူးမှ မူးယစ်ဆေးဝါးသယ်ဆောင်လာသူ အမျိုးသမီး(၄)ဦးအား စစ်ဆေးမေးမြန်းတဲ့အခါမှာ ၎င်းတို့ဟာ မြန်မာစကားနဲ့သာ ဖြေကြပြီး ၎င်းတို့အတွက် ကားလက်မှတ် နဲ့ မူးယစ်ဆေးဝါးများကို သယ်ဆောင်ရန်အတွက် စီစဉ်ပေးတဲ့သူက မယ်ဆိုင်မြို့မှာ နေတယ်လို့ ဖြေကြားကြောင်း နဲ့ ကားလက်မှတ်ရောင်းရာဌာနသို့ ထိုင်းရဲများမှ သွားရောက်စုံစမ်းသောအခါမှာလည်း  ၀ယ်သူ၏ မျက်နှာပုံစံကို မမှတ်မိသောကြောင့် မသိနိုင်ကြောင်း ကားလက်မှတ်ရောင်းသူက ဖြေကြားပြီးနောက်မှာတော့ ထိုင်းရဲများက တရားခံ(၄)ဦးကိုပဲ ဆက်လက်စစ်ဆေးမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။

မူးယစ်ဆေးဝါးများကိုသယ်ဆောင်လာတဲ့ အမျိုးသမီး(၄)ဦးမှာ အသက်အရွယ်အားဖြင့် ၃၄နှစ်၊ ၃၃နှစ်၊ ၂၄နှစ် နဲ့ ၂၂နှစ်အရွယ်များသာဖြစ်ကြောင်း သိရပါတယ်။

ညနေပိုင်းမှာလည်း ချင်းရိုင်း-မယ်ဆိုင်အနီးရှိ ကားအရောင်းအ၀ယ်ကွင်းတခုထဲကို သတင်းရရှိထားတဲ့ Toyota Tiger ငွေရောင်ကားတစ်စီး ၀င်လာချိန်မှာ ထိုင်းအာဏာပိုင်များက ၀ိုင်းဖမ်းပြီး ကားအတွင်း ရှာဖွေစစ်ဆေးတဲ့အခါမှာတော့ စိတ်ကြွရူးသွပ်ဆေးပြား ( ၅၀၀၀၀ )တွေ့ရပြီး ဖမ်းဆီးရမိသူမှာ အမျိုးသား(၄)ဦးဖြစ်ကြောင်း သိရှိရပါတယ်။

မနက်ပိုင်းနဲ့ ညနေပိုင်း နှစ်ခုစလုံးမှာ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးများရဲ့ ကာလတန်ဘိုးဟာ ထိုင်းဘတ်ငွေ သန်းသုံးဆယ်ခန့်ရှိကြောင်းသိရပါတယ်။