တာချီလိတ်-မယ်ဆိုင် တံတားပေါ်တွင် စိတ်ကြွရူးသွပ်ဆေးပြား ( ၆၀၇ )ပြားဖမ်းဆီးရမိ

တာချီလိတ်-မယ်ဆိုင် တံတားပေါ်တွင် စိတ်ကြွရူးသွပ်ဆေးပြား ( ၆၀၇ )ပြားဖမ်းဆီးရမိ
ဇူလိုင် 2, 2012
By Tachileik News Agency



မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ် ( ၁ ) တံတား၏ ထိုင်းနိုင်ငံအ၀င် စစ်ဆေးရေးနေရာတွင် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှ အကောက်ခွန်များနှင့် မူးယစ်တားဆီးနိမ်နင်းရေးအဖွဲ့တို့ပူးပေါင်းပြီး မြန်မာဘက်မှအပြန် ထိုင်းအ၀င်တွင် စစ်ဆေးမှုများပြုလုပ်နေသည်ဖြစ်ရာ ၁.၇.၂၀၁၂ ညနေ(၄)နာရီခန့်တွင် မသင်္ကာဖွယ်ရာရှိသော အသက် ( ၂၂ )နှစ်အရွယ်ရှိ ထိုင်းအမျိုးသမီး Ms. Tippawan Wongဆိုသူအား ရှာဖွေစစ်ဆေးရာတွင် ၎င်း၏ သားအိမ်လမ်းကြောင်းအတွင်းတွင် ကွန်ဒုံးအ၀ါရောင်ဖြင့် ( ၃ )ထုတ် ထုတ်ကာ သိမ်းဆည်း ကွယ်ဝှက်သယ်ဆောင်လာသော WY အမှတ်တံဆိပ်ပါသည့် လိမ္မော်ရောင်နှင့် အစိမ်းရောင်ရှိ စိတ်ကြွရူးသွပ်ဆေးပြား (၆၀၇)ပြားကို တွေ့ရှိရပြီး ဆက်လက်ရှာဖွေရာ ရေခဲ (၂)ဂရမ်တစ်ထုတ်တို့အား ရှာဖွေတွေ့ရှိရ၍ သူမအား ထိန်းသိမ်းဖမ်းဆီးလိုက်ကြောင်းသိရသည်။



တရားခံဖြစ်သူ Ms. Tippawan Wong ၏ ထွက်ဆိုချက်အရ ယခုလို စိတ်ကြွမူးယစ်ဆေးဝါးများကို သယ်ဆောင်ခြင်းပြုလုပ်နေသည်မှာ (၇)ခေါက်ရှိခဲ့ပြီး တခေါက်သယ်ဆောင်ပေးလျှင် ထိုင်းဘတ်ငွေ ( ၈၀၀၀ ) ဘတ်ရသည်ဟုဆိုသည်။

ထို့သို့သယ်ဆောင်မှုများပြုလုပ်နေသည်မှာ တစ်ခါမှ သူမထံမှ တွေ့ရှိသွားခြင်းမရှိကြောင်း ယခုမှပင် တွေ့ရှိဖမ်းဆီးခံရသည်ဖြစ်ကြောင်းနှင့် စိတ်ကြွဆေးပြားများကို တာချီလိတ်မြို့ထဲရှိ မူးယစ်ဆေးဝါးရောင်းချသူများထံမှ ယူဆောင်လာတာဖြစ်ပြီးယခု မူးယစ်ဆေးပြားများကို ထိုင်းနိုင်ငံထဲ အီစံဘက်သို့ သွားရောက်ပို့ဆောင်ရန်ဖြစ်ကြောင်း ထွက်ဆိုသည်ဟု သတင်းရရှိပါသည်။

မယ်ဆိုင်အကောက်ခွန်မှ အရာရှိတစ်ဦးဖြစ်သူ Mr. Kitti သည် မြန်မာ-ထိုင်း ချစ်ကြည်ရေး နယ်စပ်တံတားများဖြစ်သော အမှတ်(၁) အမှတ်(၂)တံတားများပေါ်တွင် တရားမ၀င်ပစ္စည်းများ ၀င်ရောက်ခြင်းမပြုရန်နှင့် တာချီလိတ်ဘက်မှ ထိုင်းနိုင်ငံမယ်ဆိုင်မြို့ထဲသို့ ၀င်ရောက်နိုင်သော ချောင်းများတစ်လျှောက်တွင်လည်း တရားမ၀င်ပစ္စည်းများ မ၀င်ရောက်စေရေးအတွက် အထူးစစ်ဆေးမှုများ ဆောင်ရွက်ရန် အမိန့်ထုတ်ထားကြောင်း ထိုင်းသတင်းဌာနတစ်ခုမှ သတင်းရရှိပါသည်။

တာချီလိတ်အွန်လိုင်းစာမျက်နှာ
www.tachileik.net