တာလေမြို့နယ်ခွဲရှိ ဆုတောင်းပြည့်(မြို့ဦး)စေတီတော်၌ ဘုရားအနေကဇာတင်ခြင်းနှင့် ၀ါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်း

တာလေမြို့နယ်ခွဲရှိ ဆုတောင်းပြည့်(မြို့ဦး)စေတီတော်၌ ဘုရားအနေကဇာတင်ခြင်းနှင့် ၀ါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်း
ဇူလိုင် 22, 2012
By Tachileik News Agency

၂၀၁၁ခုနှစ် မတ်လ(၂၄)ရက်နေ့တွင် အင်းအားပြင်းထန်စွာ လှုပ်ခတ်သွားခဲ့သော တာလေငလျင်ဒဏ်ကြောင့် အဆောက်အဦများ စေတီပုထိုးများ၊ ဘုရားကျောင်းများ၊ လူနေအိမ်များ အတော်အများပျက်စီးဆုံးရှုံးမှုများစွာ ရှိခဲ့သလို ငလျင်ဒဏ်ကြောင့် သေကြေမှုများလည်း ရှိခဲ့သည်။

တာလေငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့ရပြီးဖြစ်သော အဆောက်အဦများ စေတီပုထိုးများ ဘုရားကျောင်းများစသည်တို့ကို ငလျင်ပြန်လည်ထူထောင်ရေးကော်မတီမှ
ပြန်လည်ပြုပြင်ပေးမှုမှာ တော်တော်များများ ပြီးစီးမှုများရှိနေသလို ပြုပြင်ပေးနေလျက်ရှိကြောင်းလည်း သိရပါသည်။


ယနေ့နံနက် ဇူလိုင်(၂၂)ရက်နေ့တွင် ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော တာလေမြို့နယ်ခွဲ အမှတ်(၃)ရပ်ကွက်ရှိ ဆုတောင်းပြည့်(မြို့ဦး)စေတီတော်အား ပြန်လည်ပြုပြင် တည်ထားပြီးဖြစ်သည်နှင့်အညီ
စေတီတော်၌ ပူဇော်ခံထားရှိမည့် ဆင်းထုတော်(၄)ဆူအား တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူး မိသားစု နှင့် တာလေမြို့နယ်ခွဲအုပ်ချုပ်ရေးမှူး ဦးခွန်ကျော်သိန်း မိသားစုတို့အပါအ၀င် တာချီလိတ်သစ်တောဦးစီးဌာန လ/ထ ညွှန်မှူး ဦးတင်ထွန်း မိသားစု နှင့် ဦးအောင်ဖြိုးရှိန် မိသားစုတို့မှ စုပေါင်းလှူဒါန်းကြကြောင်း သိရှိရသည်။


ဗုဒ္ဓဘိသေကအနေကဇာတင်ခြင်း နှင့် ၀ါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်း၏ ရေစက်ချအခမ်းအနားတွင် တာလေမြို့နယ်ခွဲ တပ်ဦးကျောင်းမှ ဆရာတော် ဘဒ္ဒန္တသုန္ဓရ မှ ရေစက်ချပေးပြီး တရားတော်များကို ချီးမြှင့်ဟောကြားခဲ့ပါသည်။


တာလေမြို့ပေါ်တွင် ငလျင်ဒဏ်ကြောင့် စေတီတော်(၂)ဆူ ပြိုကျပျက်စီးခဲ့ရသည်။ စေတီ(၂)ဆူမှာ ဆုတောင်းပြည့်(မြို့ဦး)စေတီတော်နှင့် လုတောင်းရွာ ဆုတောင်းပြည့် စေတီတော်ဖြစ်ကြောင်း သိရှိရသည်။

ပုံများကို ကြည့်ရန်

တာချီလိတ်အွန်လိုင်းစာမျက်နှာ
www.tachileik.net