"ပစ်တိုင်းထောင်" သယ်ယူပို့ဆောင်ရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်း ငွေစုငွေချေး သမ၀ါယမအသင်း အခမ်းအနား

"ပစ်တိုင်းထောင်" သယ်ယူပို့ဆောင်ရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်း ငွေစုငွေချေး သမ၀ါယမအသင်း အခမ်းအနား
ဇူလိုင် 22, 2012
By Tachileik News Agency

တာချီလိတ်မြို့နယ် ဆင်းရဲနွမ်းပါးမှုလျော့ချရေး လုပ်ငန်းဆောင်ရွက်ရန် "ပစ်တိုင်းထောင်" သယ်ယူပို့ဆောင်ရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်း ငွေစုငွေချေး သမ၀ါယမအသင်းသို့ အရှေ့ပိုင်းကူးသန်းရောင်းဝယ်ရေး သမ၀ါယမအသင်းလီမိတက်မှ မတည်ငွေ ပေးအပ်ပွဲအခမ်းအနားကို ဇူလိုင်(၂၂)ရက်နေ့ နံနက်(၈)နာရီတွင် တာချီလိတ်မြိုနယ်ရှိ ဆိုင်ကယ်အစည်းအရုံး၏ ရုံးခန်းတွင် ပြုလုပ်ကျင်းပခဲ့ကြသည်။

အခမ်းအနားတွင် အရှေ့ပိုင်းကူးသန်းရောင်းဝယ်ရေး သမ၀ါယမအသင်းလီမိတက် ဥက္ကဌ၊ အမျိုးသားလွတ်တော် ကိုယ်စားလှယ် ဦးဝီလ်ဆင်မိုး မှ မတည်ငွေ ကျပ်သိန်း(၅၀)ကို "ပစ်တိုင်းထောင်" သယ်ယူပို့ဆောင်ရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်း ငွေစုငွေချေး သမ၀ါယမအသင်း ဥက္ကဌ ဖြစ်သူ ဦးအောင်အောင်မှ လက်ခံရယူသည်။



"ပစ်တိုင်းထောင်" သယ်ယူပို့ဆောင်ရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်း ငွေစုငွေချေး သမ၀ါယမအသင်း၏ လုပ်ငန်းအခြေအနေများကို အသင်း၏အတွင်းရေးမှူး တစ်ဦးဖြစ်သူ ဦးရှမ်းဘိုမှ ပြောကြားရာတွင် " ယခုအသင်းသည် ဆိုင်ကယ်အစည်းအရုံးမှ တာဝန်ယူလုပ်ဆောင်နေသော နှစ်ဘီးဆိုင်ကယ်အသင်းသား (ဆိုင်ကယ်Taxi)များအတွက် ရည်ရွယ်ပြီး သမ၀ါယမ ဒုဝန်ကြီး တာချီလိတ်သို့ လာရောက်သည့် ခရီးစဉ်တွင် ချမှတ်သွားသောလမ်းညွှန်ချက်များအပေါ်အခြေခံ၍ အကောင်အထည်ဖော်ပြီး ပေါ်ပေါက်လာတဲ့ အသင်းဖြစ်ကြောင်း၊ နှစ်ဘီးဆိုင်ကယ်အသင်းသား (ဆိုင်ကယ်Taxi)များအနေဖြင့် အစစအရာရာ တိုးတက်မြင့်မားလာစေရန် နှင့် ငွေစုငွေချေးမှ တဆင့် မိသားစုဘဝခိုင်မာစွာ ရပ်တည်လာစေနိုင်ရန်တို့အပြင် အသင်းသားများအချင်းချင်း ချစ်ချစ်ခင်ခင် ရင်းနှီးမှုများ တိုးပွာလာစေရေးတို့အတွက် ယခုက စပြီး အသင်းသား ( ၁၀၀ )ဦးဖြင့် လုပ်ငန်းကို စတင်ခြေလှမ်းမှာဖြစ်ပြီး၊ ယခုမတည်ငွေ ကျပ်သိန်း(၅၀)အပေါ်တွင် အသင်းသားတစ်ဦးလျှင် ကျပ်(၁)သိန်းနှုန်းပေးချေးမှာ ဖြစ်ကြောင်း" ပြောကြားသည်။


ချေးထားသော ငွေများကို ပေးသွင်းခြင်းနှင့်ပတ်သက်၍ ၎င်းမှ ဆက်၍ ပြောကြားရာတွင် " ချေးငွေယူထားသူများမှာ တစ်ရက်ကို အနည်းဆုံး ငွေ(၁၀၀၀)ကျပ်သတ်မှတ်၍ တစ်လတစ်ကြိမ်
ပေးသွင်းစနစ်ဖြင့် လုပ်ဆောင်သွားမှာဖြစ်ပြီး အသင်းဝင်ကြေးလစဉ်ဝင်ငွေများကို လက်ဝယ်ချန်မထားဘဲ အသင်းသားများ တိုးပွားလာစေရန်အတွက်လုပ်ဆောင်သွားမှာဖြစ်ကြောင်း" ပြောကြားသည်။


"ပစ်တိုင်းထောင်" သယ်ယူပို့ဆောင်ရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်း ငွေစုငွေချေး သမ၀ါယမအသင်းအနေဖြင့် ဥက္ကဌ ဦးအောင်အောင် မှ ဦးဆောင်၍ ဒုဥက္ကဌ၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး၊ စာရင်းစစ်-စာရင်းကိုင်၊ ဘဏ္ဍာရေးမှူး နှင့် ကော်မတီအဖွဲ့များကိုလည်း စံနစ်တကျ ဖွဲ့စည်းပြီးဖြစ်သလို အသင်းအနေဖြင့် မြို့နယ်သမ၀ါယမအသင်း၏ စည်းမျဉ်းစည်းကမ်းနဲ့အညီ လုပ်ဆောင်သွားမှာ ဖြစ်ကြောင်းသိရှိရသည်။


ထို့နောက်မှာတော့ "ပစ်တိုင်းထောင်" သယ်ယူပို့ဆောင်ရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်း ငွေစုငွေချေး သမ၀ါယမအသင်း၏ ဒုဥက္ကဌဖြစ်သူ ဦးဘိုစံမှ ကျေးဇူးတင်စကား ပြောကြားပြီး အခမ်းအနားကို အောင်မြင်စွာ ပြီးမြောက်စေခဲ့ပါသည်။

ပုံများကိုကြည့်ရန်

တာချီလိတ်အွန်းလိုင်စာမျက်နှာ
www.tachileik.net