တာချီလိတ်မြို့နယ်ရှိ ဌာနဆိုင်ရာများမှ (၆၅)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကျင်းပ

တာချီလိတ်မြို့နယ်ရှိ ဌာနဆိုင်ရာများမှ (၆၅)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကျင်းပ
ဇူလိုင် 19, 2012
By Tachileik News Agency

ယနေ့နံနက်သည် မိုးများတဖွဲ့ဖွဲ့နှင့် ရွာကျနေသည်မှာ လွမ်းမောဖွယ်ကောင်းလှသော နံနက်ခင်းတစ်ခု
ဖြစ်စေခဲ့သည်။ ပို၍လွမ်းမောဖွယ်ကောင်းလှသည်က ကမ္ဘာတစ်ဝန်းလုံးက မသိမရှိ မလေးစားပဲ မနေနိုင်သော အထင်ကရ ပုဂ္ဂိုလ်ကြီးတစ်ဦးအပါအ၀င် လူ(၉)ဦးကို ဆုံးရှုံးခဲ့သော နေ့ရက်ဖြစ်စေခဲ့သည်။ တစ်ကမ္ဘာလုံးက မလေးစားပဲ မနေနိုင်တဲ့ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးဖခင်ကြီးဖြစ်လည်းဖြစ်တဲ့ အထင်ကရပုဂ္ဂိုလ်တစ်ဦးကတော့ ဗိုလ်ချုပ်အောင်ဆန်းပဲဖြစ်ပါသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာ ကို ကမ္ဘာက သိအောင် လုပ်ဆောင်ပေးခဲ့သူ တစ်ဦးဖြစ်သည်။


ယနေ့သည် ဗိုလ်ချုပ်အောင်ဆန်းအပါအ၀င် အာဇာနည်ပုဂ္ဂိုလ်(၉)ဦးအနေဖြင့် နိုင်ငံတော်ကို အသက်
ပေးလှူသွားခဲ့သည်မှာ နှစ်ပေါင်း(၆၅)နှစ်မြောက်ခဲ့ပါသည်။


သို့ပါ၍ မြန်မာတစ်နိုင်ငံလုံးအပါအ၀င် ပြည်ပရောက် မြန်မာလူမျိုးများနှင့် တိုင်းရင်းသားများသည် ဇူလိုင်(၁၉)ရက်နေ့ကို ရောက်တိုင်း ဗိုလ်ချုပ်အောင်ဆန်းတို့၏ ဂုဏ်ကျေးဇူးကို အောက်မေ့သောအနေဖြင့် အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားကို ကျင်းပနေ ကျင်းပလျက် ကျင်းပမြဲ ဖြစ်ပါသည်။


ထို့အတူ တာချီလိတ်မြို့ရှိ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသက်လွင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူး၊ တာချီိလိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး အုန်းကျော် နှင့် တာချီလိတ်မြို့နယ်ရှိ ခရိုင်အဆင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ပညာရေးမှ ဆရာ/မများ နှင့် ရပ်မိရပ်ဖတစ်ချို့တို့သည် အ.ထ.က-တာချီလိတ်ကျောင်း ခန်းမတွင် ပြုလုပ်ကျင်းပသော အာဇာနည်နေ့ အခမ်းအနားကို တက်ရောက်ခဲ့ကြသည်။

ထို့အပြင် အခမ်းအနားသို့ နိုင်ငံရေး ပါတီများအနေဖြင့် တာချီလိတ်မြို့ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပါတီဝင်များ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ကိုယ်စားလှယ်များနှင့် တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးပါတီမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။


အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူးမှ အာဇာနည်နေ့နှင့်ပတ်သက်သော အကြောင်းအရာများကို ပြောကြားအပြီးတွင် (၆၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုချီးမြှင်ခြင်း အခမ်းအနားကို ပြုလုပ်ကျင်းပသည်။


စာစီစာကုံးပြိုင်ပွဲကို မူလတန်းဆင့်၊ အလယ်တန်းဆင့်၊ အထက်တန်းဆင့်ဟူ၍ သတ်မှတ်ထားကာ ပြိုင်ပွဲမှ ဆုရရှိသူ ကျောင်းသူ(၁၅)ဦးကို ဆုချီးမြှင့်ပြီး ပထမပိုင်း အခမ်းအနားအစီစဉ်ပြီးစေခဲ့ကြသည်။


ဒုတိယပိုင်း အစီစဉ်အရ ဇူလိုင်(၁၉)တွင် ကျဆုံးသွားခဲ့လေပြီဖြစ်သော အာဇာနည်ခေါင်းဆောင်ကြီးများအား ရည်စူး၍ သံဃာတော်အရှင်သူမြတ်(၅)ပါးကို ပင့်ဖိတ်ပြီး လှူဖွယ်ဝတ္ထုအစုစုတို့ဖြင့် ရေစက်ချ
အမျှဝေ အခမ်းအနားကိုလည်း ပြုလုပ်ခဲ့ကြသည်။


၁၉၄၇ ဇူလိုင်(၁၉) ရက်နေ့တွင် လုပ်ကြံသတ်ဖြတ်မှုကိုခံခဲ့ရသော အာဇာနည်ခေါင်းဆောင်များမှာ-

၁။ ဗိုလ်ချုပ်အောင်ဆန်း (၁၉၁၅-၁၉၄၇) ၀န်ကြီးချုပ်
၂။ သခင်မြ (၁၈၉၇-၁၉၄၇) ပြည်ထဲရေးဝန်ကြီး
၃။ ဦးဘချို (၁၈၉၄-၁၉၄၇) ပြန်ကြားရေးဝန်ကြီး
၎။ ဦးရာဇတ် (၁၈၉၈-၁၉၄၇) ပညာရေးနှင့်အမျိုးသားစီမံကိန်းဌာန၀န်ကြီး
၅။ ဦးဘ၀င်း (၁၉၀၁-၁၉၄၇) ထောက်ပံ့ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး
၆။ မန်းဘခိုင် (၁၉၀၃-၁၉၄၇) စက်မှုလက်မှုနှင့်အလုပ်သမားဝန်ကြီးဌာန၀န်ကြီး
၇။ မိုင်းပွန်စော်ဘွားစပ်စံထွန်း (၁၉၀၇-၁၉၄၇) အတိုင်ပင်ခံတောင်တန်းဒေသရေးရာဝန်ကြီး
၈။ ဦးအုန်းမောင် (၁၉၁၃-၁၉၄၇) လမ်းပန်းဆက်သွယ်ရေးဌာနအတွင်းဝန်
၉။ ရဲဘော်ကိုထွေး (၁၉၂၉-၁၉၄၇) ပညာရေးဝန်ကြီး၏သက်တော်စောင့်။

တို့ဖြစ်ကြသည်။

ပုံများကိုကြည့်ရန်

တာချီလိတ်အွန်လိုင်းစာမျက်နှာ
www.tachileik.net