တရုတ်အစိုးရမှ ထိုင်းအစိုးရအား စိုင်းနော်ခမ်းကို လာရောက် စစ်ဆေးရန်အတွက် တရုတ်နိုင်ငံသို့ ဖိတ်ခေါ်

တရုတ်အစိုးရမှ ထိုင်းအစိုးရအား စိုင်းနော်ခမ်းကို လာရောက် စစ်ဆေးရန်အတွက် တရုတ်နိုင်ငံသို့ ဖိတ်ခေါ်
ဇူလိုင် 26, 2012
By Tachileik News Agency

Tachileik News: : ဇူလိုင်(၂၃)ရက်နေ့ နံနက် (၉)နာရီတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ မူးယစ်ရဲချုပ်ကြီး Mr. Liu Ye Jin အပါအ၀င် ထောက်လှမ်းရေးအဖွဲ့ဝင် (၁၅)ဦးတို့သည် ထိုင်းရဲချုပ် ဖလျှိုးဖန်း ဒါးမားဖုန်း နှင့် တွေ့ဆုံ၍ မဲခေါင်မြစ်အတွင်း၌ ဖြစ်ပွားခဲ့ပြီးသော စိုင်းနော်ခမ်းနှင့် ပတ်သက်သည့် အမှုကိစ္စများကိုဆွေးနွေးခဲ့ကြသည်။

ထိုဆွေးနွေးမှုတွင် မူးယစ်ရဲချုပ်ကြီး Mr. Liu Ye Jinသည် ထိုင်းရဲချုပ်အား တရုတ်နိုင်ငံတွင်းအထိ လာရောက်၍ တရားခံဖြစ်သူ စိုင်းနော်ခမ်းအား စစ်ဆေးမှုများပြုလုပ်ရန်အတွက် ဖိတ်ခေါ်ခဲ့သည်။

စိုင်းနော်ခမ်း၏ ၀န်ခံထွက်ဆိုချက်မှာ စာမျက်နှာ (၄၀၀)ရှိပြီး ၎င်း၏ ထွက်ဆိုချက်တွင် သူသည် လက်နက်ကိုင်ခေါင်းဆောင်ဖြစ်ပြီး တပည့်အယောက်(၁၀၀)ရှိကြောင်းနှင့် ယခုဖြစ်ပွားခဲ့သော မဲခေါင်မြစ်အတွင်း တရုတ်သဘောင်္များအား ပစ်ခတ်မှုတွင် တပည့်ဖြစ်သူ ဗိုလ်မြဆိုသော သူနှင့် ထိုင်းစစ်သားအရာရှိတို့ ပူးပေါင်းကာ ကြံစည်လုပ်ဆောင်ခဲ့ကြကြောင်း ၀န်ခံထွက်ဆိုသည်။

၎င်း၏ တပည့်ဖြစ်သူ ဗိုလ်မြဆိုသူအား အသေးစိတ်စစ်ဆေးမှုများပြုလုပ်ရန်အတွက် တရုတ်အစိုးရ အနေဖြင့် မြန်မာနိုင်ငံ ရန်ကုန်မြို့ ထိသွားရောက်ကာ ခေါ်ဆောင်မည်ဖြစ်ကြောင်း သိရှိရသည်။

{ ထိုင်းရဲချုပ် ဖလျှိုးဖန်း ဒါးမားဖုန်း နှင့် တရုတ်ပြည်သူ့သမ္မတ မူးယစ်ရဲချုပ်ကြီး Mr. Liu YeJin [Photo: Daily News Online ]}

အထက်ပါ တွေ့ဆုံမှုတွင် တရုတ်အစိုးရမှ ထိုင်းအစိုးရအား စိုင်းနော်ခမ်း၏ ၀န်ခံထွက်ဆိုချက် စာမျက်နှာ(၄၀၀)ပါသော မိတ္တူအား ပေးအပ်ခဲ့ကြောင်း ထိုင်းသတင်းဌာနတစ်ခုတွင် ဖော်ပြထားသည်။

စိုင်းနော်ခမ်းအဖွဲ့သည် မူးယစ်ဆေးဝါးမှု၊ လူသတ်မှု၊ ပြန်ပေးဆွဲမှု၊ ဓါးပြတိုက်ခြင်း စသည်ဖြင့် မဲခေါင်မြစ်နယ်မြေတကြောတွင် ပတ်သက်ဆက်နွယ်နေကြောင်းနှင့် တရုတ်သင်္ဘောများကိုလည်း အနည်းဆုံး(၂၈)ကြိမ်မျှ ပစ်ခတ်ခဲ့ပြီး (၁၆)ဦးသေဆုံးကာ (၃)ဦးဒဏ်ရာရခဲ့သည်။ ထို့အတွက်ကြောင့် ဧပြီလ(၂၅)ရက်နေ့တွင် စိုင်းနော်ခမ်းအား ဖမ်းဆီး၍ တရုတ်နိုင်ငံတရားရုံးတွင် မေလ(၁၀)ရက်နေ့၌ တက်ရောက်စစ်ဆေးခဲ့ပြီး လာအို ရဲချုပ်ကြီးလည်း ဇူလိုင်(၂၀)ရက်နေ့မှာ တရုတ်နိုင်ငံသို့ လာရောက်၍ တရားခံဖြစ်သူ စိုင်းနော်ခမ်းအား စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း တရုတ်သတင်းတစ်ခုတွင် ဖော်ပြခဲ့သည်။

သတင်းပြင်ဆင်ချက်။ ။ တရားခံဗိုလ်မြ အစား စိုင်းအောင်မြတ် ဟု ပြောင်းလဲ ဖတ်ရှုရန်။

တာချီလိတ်အွန်လိုင်းစာမျက်နှာ
www.tachileik.net