တာချီလိတ်မြို့ရှိ မေတ္တာရှင်(သာရေး/နာရေး)ကူညီမှုအသင်း၏ တွေ့ဆုံဆွေးနွေးပွဲ

တာချီလိတ်မြို့ရှိ မေတ္တာရှင်(သာရေး/နာရေး)ကူညီမှုအသင်း၏ တွေ့ဆုံဆွေးနွေးပွဲ
ဇူလိုင် 15, 2012
By Tachileik News Agency

၂၀၁၂ခုနှစ် ဇူလိုင်(၁၅)ရက်နေ့တွင် တာချီလိတ်မြို့ရှိ ဟိုတယ်တာချီလိတ်ခန်းမ၌ မေတ္တာရှင်(သာရေး/နာရေး) ကူညီမှုအသင်းမှ တတိယအကြိမ်မြောက်အဖြစ် နာယကများနှင့် ကော်မတီအဖွဲ့ဝင်များတွေ့ဆုံ ဆွေးနွေးပွဲကို နံနက် (၁၀)နာရီတွင် စတင်၍ နေ့လည်(၁၂)နာရီတွင် တွေ့ဆုံဆွေးနွေးပွဲ အစီအစဉ်ပြီးစီးစေခဲ့ပါသည်။


အခမ်းအနားတွင် မေတ္တာရှင်(သာရေး/နာရေး) ကူညီမှုအသင်း၏ ဦးစီးနာယကအပါဝင် နာယကအဖွဲ့ဝင်(၁၂)ဦးရှိသည်အနက် နာယက(၇)ဦးတက်ရောက်ခဲ့ကြသည်။


အစီအစဉ်များအရ အသင်း၏ လစဉ် ၀င်ငွေထွက်ငွေစာရင်းများကို အသင်းမှ စာရင်းအဖွဲ့ ခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးအောင်စိန်ကျော်မှ ရှင်းပြရာတွင် ၂၀၀၉(မေလ)မှ ၂၀၁၂ (ဇွန်လ)ထိ ၀င်ငွေမှာ ထိုင်းဘတ်ငွေ ( ၁၈၈,၂၆၉၀- တစ်ဆယ့်ရှစ်သိန်းရှစ်သောင်းနှစ်ထောင်ခြောက်ရာကိုးဆယ်ဘတ်)နှင့် ထွက်ငွေမှာ ( ၁၅၇၁၃၉၀ - တစ်ဆယ့်ငါးသိန်းခုနှစ်သောင်းတစ်ထောင်သုံးရာကိုးဆယ်ဘတ် )ဖြစ်ပြီး လက်ကျန်ငွေမှာ ( ၃၁၁၃၀၀ - သုံးသိန်းတစ်သောင်းတစ်ထောင်သုံးရာဘတ် )တို့ရှိကြောင်း သိရှိရသည်။


အသင်းအနေဖြင့် ရှေ့ဆက်လုပ်ဆောင်သွားမည့် လုပ်ငန်းစဉ်များ လိုအပ်နေသည်များကို နာယကများနှင့်
ကော်မတီဝင်များမှ အပြန်အလှန်ဆွေးနွေးတင်ပြကြရာတွင် အသင်း၏ ဥက္ကဌဖြစ်သူ ဦးဘိုစံ နှင့်
ကော်မတီဝင်များမှ"အသင်းအနေဖြင့် အရေးပေါ်ယာဉ် ထားရှိရန် လိုအပ်ကြောင်းနှင့် ယခုလက်ရှိ မြို့မ သုဿန်အား လွယ်စတုံတွင် ရွေ့ပြောင်းပြီးသောအခါ သုဿန်တွင် မီးသဂြိုင်္လ်ရန် ခုံ(၃)ခုံ၊၊ ဇရပ် နှင့် လိုအပ်သည်များကို မေတ္တာရှင် အသင်းအနေဖြင့် ဖြည့်စွတ်နိုင်ရန်အတွက် အပြန်အလှန်
ဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးမှုအပြီးတွင် အသင်းမှ ယာဉ်နှစ်စီးဝင်ယူမည်ဟု သိရှိရသည်။


အသင်း၏ နာယကဖြစ်သူ ဦးဘိုလေး မှလည်း အသင်း၏လိုအပ်ချက်ဖြစ်တဲ့ ကားကို ၀ယ်ယူနိုင်ရေးအတွက် ၎င်းတို့အနေဖြင့် နာယကများမှ စုပေါင်း၍ အလှူခံပေးမည်ဖြစ်ပြီး၊

အရေးပေါ်ယာဉ်ဝယ်ယူရရှိပြီးလျှင် အမာခံအနေဖြင့် အသင်းသား ၃-၄ဦးထားရှိရန်လိုအပ်ပြီး လိုအပ်လာပါက သင်တန်းပါ ပို့ချပေးနိုင်ရန်အတွက် လိုအပ်ကြောင်းကို ပြောဆိုဆွေးနွေးလာသည်။


အပြန်အလှန်လိုအပ်နေသည်များကိုဆွေးနွေးကြအပြီးတွင် အသင်း၏နာယကဖြစ်သူများမှ အသင်း၏ အရေးပေါ်ယာဉ်ဝယ်ယူရန်အတွက် မတည်ငွေအဖြစ် နာယကများမှ လှူဒါန်းရာတွင်

  • နာယက ဦးအားဇီး ( အာခါတိုင်းရင်းသား ခေါင်းဆောင် ) မှ ထိုင်းဘတ်ငွေ ( ၂၀,၀၀၀-နှစ်သောင်းဘတ် )
  • နာယက ဦးဘိုလေး ( စီးပွားရေးလုပ်ငန်းရှင် ) မှ ထိုင်းဘတ်ငွေ ( ၁၀၀,၀၀၀-တစ်သိန်းဘတ် )
  • နာယက ဦးထွန်းနေဦး ( ဟိုတယ် တာချီလိတ် ) မှ ထိုင်းဘတ်ငွေ ( ၁၅၀,၀၀၀-တစ်သိန်းငါးသောင်းဘတ် )
  • ဒု-ဥက္ကဌ ဦးအောင်အောင် ( စီးပွားရေးလုပ်ငန်းရှင် ) မှ ထိုင်းဘတ်ငွေ ( ၂၀,၀၀၀-နှစ်သောင်းဘတ် )
  • ဒု-ဥက္ကဌ ဦးညီညီ ( စီးပွားရေးလုပ်ငန်းရှင် ) မှ ၎င်းအနေဖြင့် နိုင်ငံတော်သို့ အပ်နှံထားသော မော်တော်ယာဉ်တစ်စီးမှ စလစ်တစ်ခု တို့ကို လှူဒါန်းခဲ့ကြသည်။

မတည်ငွေအဖြစ် လှူဒါန်းငွေမှာ ထိုင်းဘတ်ငွေ ( ၂၉၀,၀၀၀ - နှစ်သိန်းကိုးသောင်းဘတ် ) ရရှိသည်။

နာယကများနှင့် ကော်မတီဝင်များအပြန်အလှန်ဆွေးနွေးမှုမှ လိုအပ်သည်များကို ဖြည့်စွတ်ပေးခြင်းအတွက် အသင်း၏ ဥက္ကဌဖြစ်သူ ဦးဘိုစံမှ အားလုံးကိုယ်စား ကျေးဇူးတင်ကြောင်း ပြောပြီး ကြွရောက်လာသော နာယကများနှင့် ကော်မတီဝင်များ သတင်းမီဒီယာသမားများကို နေ့လည်စာဖြင့် တည်ခင်းဧည့်ခံ၍ အခမ်းအနားပြီးစေခဲ့ပါသည်။

မေတ္တာရှင် ( သာရေး/နာရေး ) ကူညီမှုအသင်း
မေတ္တာရှင် ( သာရေး/နာရေး ) ကူညီမှုအသင်းကြီးကို တာချီလိတ်မြို့နယ်ဆိုင်ကယ်အစည်းအရုံးအသင်းမှ ကြီးမှူး၍ ဆိုင်ကယ်တက္ကစီ(Taxi)သမားများနှင့် ၎င်းတို့ရဲ့ မိသားစုဝင်များ နာရေးဖြစ်ပေါ်လာသည့်အခါ အခက်အခဲမရှိ ကူညီဆောင်ရွက်ပေးနိုင်ရန်အတွက် ရည်ရွယ်ပြီး အခြေခံကာ၂၀၀၉ခုနှစ် မေလ(၁)ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့ကြသည်။

ယခု ၂၀၁၂ ဆိုလျှင် (၃)နှစ်ကျော်လာခဲ့ပါပြီ။ အသင်း၏ ဥက္ကဌမှာ ဦးဘိုစံဖြစ်ပြီး အသင်းကို နာယက( ၁၂ )ဦး နှင့် လက်ရှိအသင်းဝင်(၆၀)ဦးတို့ဖြင့် ဖွဲ့စည်းထားကြသည်။

အသင်းမှ လစဉ်ငွေကောက်ခံခြင်း နှင့် ပြန်လည်ကူညီထောက်ပံ့ခြင်း
အသင်းကို စစဖွဲ့စည်းချိန်တုန်းက မိသားတစ်စုကို တစ်လလျှင် ( ၂၀ )ဘတ်ထည့်ဝင်စေကြပြီး ဆိုင်ကယ်သမား ကိုယ်တိုင် နာရေးဖြစ်ပေါ်လာပါက နာရေးကူညီငွေအဖြစ် ( ၁၅,၀၀၀ )ဘတ် ထောက်ပံ့ပါသည်။ မိသားစုဝင်များ နာရေးဖြစ်ပေါ်လာပါက ( ၁၀၀၀၀ )ဘတ်၊ ( ၅၀၀၀ )ဘတ်၊ ( ၃၀၀၀ )ဘတ်ဟူ၍ သတ်မှတ်စည်းကမ်းအတိုင်း ကူညီထောက်ပံ့ပေးခဲ့ကြသည်။ အသင်းအနေဖြင့် ထောက်ပံ့ငွေ အခက်အခဲဖြစ်လာခဲ့သည်။
ဖြစ်ပေါ်လာသည့်အခက်အခဲမှာ တစ်လတွင် အသင်းဝင်နာရေးဖြစ်ပေါ်သူဦးရေဟာ ( ၃ ) ဦးနှင့်အထက် ရှိလာသည်ဖြစ်တာကြောင့် အသင်း၏ ရံပုံငွေအားနည်းနေသည်ဖြစ်တာနဲ့အညီ လစဉ် သတ်မှတ် (၂၀)ဘတ်ကနေ ( ၅၀ )ဘတ်ထိ တိုးမြှင့်ကောက်ခံဖို့ကိုအားလုံးသဘောတူချက်အရ ( ၅၀ )ဘတ်အဖြစ် သတ်မှတ်ကောက်ခံခဲ့ကြပြီး နာရေးကူညီငွေကိုလည်း ( ၁၅၀၀၀ )၊ ( ၁၀၀၀၀ )၊ ( ၈၀၀၀ )၊ ( ၅၀၀၀ )၊ ( ၃၀၀၀ )ဘတ် စသည်ဖြင့်ပြင်ဆင်သတ်မှတ်ခဲ့ကြပါသည်။

အသင်းမှ နာရေးကူညီ မှတ်တမ်း
၂၀၀၉(မေလ)မှ ၂၀၁၂(ဇွန်လ)အတွင်း အသင်းမှ နာရေးကူညီခဲ့ရာတွင် အသင်းဝင်နာရေး ( ၁၃၉ )ဦး နှင့် အသင်းဝင်မဟုတ်သည့် ပြင်ပနာရေး( ၁၇၉ )ဦး စုစုပေါင်း( ၃၁၈ )ဦးတို့ကိုကူညီဆောင်ရွက်ပေးခဲ့သည်။ အသင်းဝင်များကို အထက်ပါ နာရေးကူညီငွေများကို သတ်မှတ်ထားသည့် နှုန်းထားအတိုင်း ကူညီသော်လည်း အသင်းဝင်မဟုတ်သောပြင်ပနာရေးများကိုတော့ ထောက်ပံ့ငွေကြေးပါဝင်မှုမရှိပဲ အခေါင်း၊ နိဗ္ဗာန်ယာဉ်၊ မဏ္ဍာပ်၊ စားပွဲ၊ ထိုင်ခုံ၊ မော်တော်ယာဉ် နှင့် အခြားလူမှုရေးကိစ္စများကို ကူညီဆောင်ရွက်ပေးလျှက်ပါသည်။ သီးခြားအလှူရှင်အနေဖြင့် အသင်း၏ နာယကတစ်ဦးဖြစ်တဲ့ ဦးဘိုလေး မှလည်း အခေါင်းများကို လှူဒါန်းခဲ့ရာ အခုဆိုလျှင် ( ၇၀ )လုံးကျော်ခဲ့ပါသည်။

မေတ္တာရှင်(သာရေး/နာရေး)ကူညီမှုအသင်း ၏လုပ်ဆောင်ချက်များနှင့် လုပ်ငန်းစဉ်များကို တာချီလိတ်မြို့သား/မြို့သူများ သိရှိနိုင်စေရန် အတွက် မကြာမီတွင် Website ဖြစ် လွှင့်တင်သွားပါမည်။

ပုံများကိုကြည့်ရန်

တာချီလိတ်အွန်လိုင်းစာမျက်နှာ
www.tachileik.net