မယ်ဆိုင်မြို့တွင် ယာဉ်တိုက်မှုဖြစ်ပွားရာ မြန်မာမိန်းကလေးတစ်ဦး ပွဲချင်းပြီးသေဆုံး

မယ်ဆိုင်မြို့တွင် ယာဉ်တိုက်မှုဖြစ်ပွားရာ မြန်မာမိန်းကလေးတစ်ဦး ပွဲချင်းပြီးသေဆုံး
ဇူလိုင် 30, 2012
By Tachileik News Agency

( ၃၀.၇.၂၀၁၂) ယနေ့ နံနက်(၉)နာရီကျော်တွင် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ မယ်ကျန့်လမ်းဆုံအနီးတွင် အသက် ၁၉နှစ်ခန့်ရှိသော ( တတိယနှစ်ကျောင်းသူ) မြန်မာမိန်းကလေးတစ်ဦးသည် စက်ဘီးဖြင့်စီးနင်းသွားလာနေစဉ် အရှိန်ပြင်းသော ကားတစ်စီးနှင့် မတော်တဆ ယာဉ်တိုက်မှုဖြစ်ပွားခဲ့ရာ ထိုနေရာ၌ပင် မြန်မာမိန်းကလေးမှာ ပွဲချင်းပြီး သေဆုံးသွားကြောင်း သတင်းရရှိပါသည်။ ယာဉ်တိုက်မှုနဲ့ပတ်သက်၍ ကားက စက်ဘီးကို ၀င်တိုက်မိပြီး စက်ဘီးရဲ့ နောက်ပိုင်းမှာလည်း ပျက်စီးသွားသည်ဟု မျက်မြင်သက်သေများမှ
ပြောကြား လာပါသည်။


သေဆုံးသွားသော မိန်းကလေးမှာ မိတ္ထီလာမြို့နယ် အုံတုံကျေးရွာ ဇာတိဟု သိရှိရသည်။


ကားကို မောင်းနှင်လာသော ကားသမားမှာ ထိုင်းလူမျိုးဖြစ်ပြီး ထိုင်းရဲများမှ စက်ဘီး၊ ကား နှင့် တရားခံဖြစ်သူအား ခေါ်ဆောင်သွားသည်ဟုလည်း သိရှိရသည်။

ယာဉ်တိုက်မှုနှင့် ပတ်သက်၍ ကားမောင်းသူသည် ယခု ကိစ္စနှင့်ပတ်သက်ပြီး ၎င်းအနေဖြင့် တာဝန်ယူမည်ဖြစ်ကြောင်း သေဆုံးသူ၏ အသိုင်းအ၀ိုင်းအား ပြောကြားလာသည်။

ထိုင်းနိုင်ငံဖက် ရောက်လျှင် ယာဉ်ပိုင်ရှင်များ၊ စက်ဘီးပိုင်ရှင်များအနေဖြင့် အထူးသတိထားကာ သွားလာဖို့လိုပါသည်။ အဘယ်ကြောင့်ဆိုသော် ထိုင်းနိုင်ငံ မယ်ဆိုင်မှ အဝေးပြေးကားလမ်းများ၊ မြို့တွင်းလမ်းများတွင် ရံဖန်ရံခါ၌ အလျင်စလို မောင်းနှင်မှုများကို မြင်တွေ့ရပါသည်။

သေဆုံးသူ၏အလောင်းအား ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ ပီရဖောင်းရပ်ကွက်ရုံးတွင် ထားရှိပြီး ၁.၈.၂၀၁၂ တွင် သဂြိုလ်မည်ဖြစ်ကြောင်း သိရှိရပါသည်။

ပုံများကို ကြည့်ရန်

တာချီလိတ်အွန်လိုင်းစာမျက်နှာ
www.tachileik.net