မျက်ရည်သွန်းလို့ ဘ၀င်ညှိုး ဇူလိုင်တစ်ဆယ့်ကိုး

မျက်ရည်သွန်းလို့ ဘ၀င်ညှိုး ဇူလိုင်တစ်ဆယ့်ကိုး
ဇူလိုင် 18, 2012
By Tachileik News Agency
(ကျည်ဆံတွေရဲ့ ဖောက်ထွင်းမှုကို ခံခဲ့ရတဲ့ အာဇာနည်(၉)ဦး)

ဇူလိုင်(၁၉)ကို ရောက်ပြီဆိုတဲ့အခါတိုင်း မြန်မာနိုင်ငံသားအားလုံးရဲ့ စိတ်ထဲ ဘ၀င်ညှိုးနေခဲ့ရ၊ နှမျောတမ်းတ
အောက်မေ့ သတိရနေကြသည်မှာ (၆၅)နှစ်ကြာခဲ့ပါပြီ။ ယမ်းနံ့တွေ ကျည်ခွံတွေကြား မြန်မာနိုင်ငံရဲ့ အခမ်းနားဆုံး ပုဂ္ဂိုလ်ကြီး ဗိုလ်ချုပ်အောင်ဆန်းအပါအ၀င် ၀န်ကြီး(၇)ဦး၊ အတွင်းဝန်(၁)ဦးနှင့် ဦးရာဇတ်ရဲ့ သက်တော်စောင့်(၁)ဦး စုစုပေါင်း အာဇာနည်(၉)ဦးတို့ဟာ ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်(စနေနေ့)၊ နံနက် ၁၀ နာရီ ၃၇ မိနစ်မှာ ရန်ကုန်မြို့ရဲ့ အတွင်းဝန်ရုံးထဲမှာပဲ ဦးစောရဲ့ စေခိုင်းမှုကြောင့် မောင်စိုးတို့အဖွဲ့ဟာ ရက်စက်စွာပါပဲ သေနတ်များကိုယ်စီနဲ့ လုပ်ကြံသတ်ဖြတ်ခဲ့ကြသည်။

လုပ်ကြံသတ်ဖြတ်မှုကိုခံခဲ့ရသော အာဇာနည်ခေါင်းဆောင်များမှာ-

၁။ ဗိုလ်ချုပ်အောင်ဆန်း (၁၉၁၅-၁၉၄၇) ၀န်ကြီးချုပ်
၂။ သခင်မြ (၁၈၉၇-၁၉၄၇) ပြည်ထဲရေးဝန်ကြီး
၃။ ဦးဘချို (၁၈၉၄-၁၉၄၇) ပြန်ကြားရေးဝန်ကြီး
၎။ ဦးရာဇတ် (၁၈၉၈-၁၉၄၇) ပညာရေးနှင့်အမျိုးသားစီမံကိန်းဌာန၀န်ကြီး
၅။ ဦးဘ၀င်း (၁၉၀၁-၁၉၄၇) ထောက်ပံ့ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး
၆။ မန်းဘခိုင် (၁၉၀၃-၁၉၄၇) စက်မှုလက်မှုနှင့်အလုပ်သမားဝန်ကြီးဌာန၀န်ကြီး
၇။ မိုင်းပွန်စော်ဘွားစပ်စံထွန်း (၁၉၀၇-၁၉၄၇) အတိုင်ပင်ခံတောင်တန်းဒေသရေးရာဝန်ကြီး
၈။ ဦးအုန်းမောင် (၁၉၁၃-၁၉၄၇) လမ်းပန်းဆက်သွယ်ရေးဌာနအတွင်းဝန်
၉။ ရဲဘော်ကိုထွေး (၁၉၂၉-၁၉၄၇) ပညာရေးဝန်ကြီး၏သက်တော်စောင့်။

တို့ဖြစ်ကြသည်။

စာရေးဆရာဦးဘုန်း(ဓာတု) ရဲ့ အာဇာနည်နေ့ ဂုဏ်ပြုသီချင်း
တာချီလိတ်မြို့မှာ စာပေဟောပြောပွဲကျင်းပစဉ်တုန်းက စာရေးဆရာဦးဘုန်း(ဓာတု)က ဟောပြောမှုပြီးခါနီးမှာ ကိုယ်တိုင်ဂစ်တာတီးပြီး ဖေဖော်ဝါရီ(၁၃)ဆိုတဲ့ သီချင်းလေးကို ဆိုသွားခဲ့ပါသည်။ အဲ့ဒီ သီချင်းကဗျာလေးက ကျောင်းတုန်းက သင်ခဲ့ရတာလေးပါ။ အခုတော့ အာဇာနည်နေ့မှာ နားဆင်ဖို့ ပြန်လည်တင်ပေးလိုက်ပါသည်။

{ဖေဖော်ဝါရီ-၁၃ [ဦးဘုန်း-ဓာတု]}

အာဇာနည်နေ့နဲ့ပတ်သက်လို့ မြန်မာနိုင်ငံတော်ရဲ့ ကျေးဇူးရှင်ကြီးဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ လုပ်ဆောင်ချက်တွေ အကြောင်းအရာတွေက အများသူငါ သိပြီးသားဖြစ်နေတယ်လို့ ယူဆထားတာကြောင့် ဗိုလ်ချုပ်ကို လုပ်ကြံသတ်ဖြတ်ရန်အတွက် အဓိက ခိုင်းစေခဲ့တဲ့ ဦးစောအကြောင်းကို eleven ကနေပဲ ကူးယူပြီး ဖော်ပြလိုက်ပါရစေ။ အကြောင်းကတော့ ဗိုလ်ချုပ်လို စိတ်သဘောထားဖြူစင်ရိုးဖြောင့်တဲ့လူ ကို ဘယ်လိုလူစားက လုပ်ကြံသတ်ဖြတ်လည်းဆိုတာကို အဓိက သိစေရန်အတွက်ဖြစ်ပါတယ်။

ဦးစော

{ ဗိုလ်ချုပ်တို့အဖွဲ့အား လုပ်ကြံသတ်ဖြတ်ရန် စေခိုင်းခဲ့သူ ဦးစော }

လက်ယာ နိုင်ငံရေးသမားတွေထဲက တစ်ယောက်ဖြစ်တဲ့ ဦးစောဟာ သာယာဝတီနယ်က ဦးဘိုးကြူရဲ့သားပါ။ သူ့မိဘများဟာ လယ်ပိုင်ရှင်များ မဟုတ်ပါ။ သူဟာ(၇)တန်းပင် မအောင်ပါ။ ဒါပေမဲ့ရှေ့နေလက်မှတ်ရထားသူပါ။ သာယာဝတီမြို့ပေါ်က ရှေ့နေဖြစ်သူ ဦးသူငယ်ထံ ဦးစောရဲ့ဖခင်က သူ့သားကို နိုင်ငံရေးမှာသုံးကြည့်ပါ။ သူ့သားဟာ အပြောအဆိုရဲဝံ့ကြောင်း ပြောဆိုအပ်သွားပါသတဲ့။

ဦးသူငယ်က တစ်ဖန်ဦးဘဘေ (ဘကြီးဘဘေ)ထံ အပ်နှံလိုက်ပါတယ်။ နိုင်ငံရေးအတွက် အစအနရှိကြောင်း မြင်ရတော့ ဦးဘဘေက လက်သပ်မွေးကာ ရှေ့တန်းသို့ တင်ပေးလိုက်ပါတယ်။ (ဒီကျေးဇူးတွေဆပ်တဲ့အနေနဲ့ ကျေးဇူးရှင်ဆရာသမား ဦးဘဘေ ကိုပင် ထောင်သွင်း အကျဉ်းချ ထားသူပါ၊ကျေးဇူးရှင် ကျေးစွပ်ခဲ့သူပါတဲ့)

ဦးစောဟာ နိုင်ငံရေးနယ်ပယ်မှာ ခြေချနိုင်ဖို့ မနားမနေကြိုးစားခဲ့တယ်၊ သတင်းစာဆရာလုပ်တယ်။ သူရိယသတင်းစာနဲ့ ဆက်သွယ်တယ်။ နောက်သာယာဝတီခရိုင်ကောင်စီမှာ အရွေးခံရတယ်၊ သာယာဝတီမှာပင် မင်းတိုင်ပင်အမတ် အရွေးခံခဲ့ရပြန်တယ်။

ဆရာစံခေါင်းဆောင်တဲ့ သာယာဝတီဂဠုန်သူပုန်ကိုမှီပြီး ဂဠုန်ဘွဲ့ခံကာ ဂဠုန်ဦးစောရယ်လို့ ဖြစ်လာပါတယ်။ အဲဒီနာမည်ကိုယူပြီး သာယာဝတီနယ်သူပုန်များကို နှိမ်နင်းဖို့သွားတဲ့ စစ်သားတွေက ပြည်သူတွေကို နှိပ်စက်ကလူပြုချက်တွေကို ဗြိတိသျှအစိုးရထံ အိတ်ဖွင့်ပေးစာတွေကို လိုက် ဖြန့်လိုက်လို့ အစိုးရက အဲဒီစာတွေ လိုက်သိမ်းတယ်။ အဲဒီမှာဦးစောဟာ ကျော်ကြားလာပါသတဲ့။

ဦးစောဟာ နိုင်ငံရေးနယ်ပယ်မှာ ယှဉ်ရပြိုင်ရမယ့် ဒေါက်တာဘမော်ကို တွေ့လိုက်တယ်၊ ဒေါက်တာဘမော်ဟာ ဆင်းရဲသား ဓားမပါတီကို တည်ထောင်ထားတာဆိုတော့ လယ်သမားပေါ် အခြေစိုက်တယ်၊ လူများစုအကြိုက် ပါတီမို့ နိုင်ငံရေးနယ်ပယ်မှာ ထင်ရှားလာနေသူ ဖြစ်တယ်။ သူဟာ ပညာတတ် ဒေါက်တာဘွဲ့ရသူတစ်ဦး အင်္ဂလိပ်လိုအပြောအဆိုမှာ အနောက်တိုင်းဆန်လှတယ်။

၁၉၃၅ ခုနှစ်မှာ သူရိယသတင်းစာ ကိုယ်စားလှယ်အနေနဲ့ ဦးစောဟာ ဂျပန်ကိုလှည့်လည်ခဲ့တယ်။ ၁၉၃၆ ခု ရွေးကောက်ပွဲမှာ အောက်လွှတ်တော်အမတ်တစ်ဦး ဖြစ်လာတယ်။

၁၉၃၇ ခုနှစ်တွင် ဒေါက်တာဘမော်က ညွှန့်ပေါင်းအစိုးရကို ဖွဲ့စည်းလိုက်တဲ့အခါမှာ ဦးစောကလွှတ်တော်မှာ အတိုက်အခံ ခေါင်းဆောင်ဖြစ်လာတယ်။ ၁၃၀၀ ပြည့် အရေးတော်ပုံမှာ တိုင်းပြည်တွင် အလုပ်သမား၊ လယ်သမား၊ ကျောင်းသားများ ဆူပူလှုပ်ရှားလာတယ်။ အဲဒီမှာ ဦးစောဟာ မျိုးချစ်ပါတီကို ထောင်ပြီး ဂဠုန်တပ်ဖွဲ့ကိုပါ ဖွဲ့စည်းလိုက်ပြန်တယ်၊ အခွင့်ကောင်းရတိုင်း ပြည်သူကို စည်းရုံးတယ်။(ဦးစောက အမ်အေဦးမောင်ကြီးဦးစီးတဲ့ အပျော်ထမ်း ရဲတပ်ဖွဲ့ကို လွှဲပြောင်းပေးဖို့ ပြောဖူးတယ်တဲ့။ နောက်ဆုံးမရတော့မှ သူ့ဟာသူ ဂဠုန်တပ်ဖွဲ့ခဲ့ပါသတဲ့)။ ၁၃၀၀ ပြည့် အရေးတော်ပုံနဲ့ အတူ ဒေါက်တာဘမော်အစိုးရ ပြုတ်ကျသွားတယ်။ ဦးပုနန်းရင်းဝန်အဖြစ် တက်လာတယ်၊ ဦးစောဟာ လယ်ယာနဲ့သစ်တောရေးဝန်ကြီး ဖြစ်လာတယ်။ ဆရာရင်းဖြစ်တဲ့ဦးဘဘေကို ဖြုတ်ချလိုက်တယ်။ မျိုးချစ်ပါတီဝင်တွေကို အစိုးရအဖွဲ့ထဲသွင်းတယ်။အစိုးရအဖွဲ့ကို အယုံအကြည်မရှိအဆို တစ်ဖက်လှည့်တင်သွင်းခိုင်းပြီး အစိုးရအဖွဲ့မှထွက်တယ်၊ နာရီဝက်အတွင်းမှာ အစိုးရကို အယုံအကြည်မရှိအဆိုကို ထောက်ခံတယ်။ ဦးပုအစိုးရ ပြုတ်ကျသွားတယ်။ ဦးစောက နန်းရင်းဝန်တက်လုပ်တယ်။ ဦးစောဟာ ပြိုင်ဘက်နိုင်ငံ ရေးသမားများကို ဖမ်းဆီးတဲ့အခါ ဆရာရင်းဖြစ်တဲ့ ဦးဘဘေကိုပါမချန်ဘဲ ဖမ်းဆီးတယ်။

အဲဒီအချိန်က ဦးစောကနန်းရင်း ၀န်ဖြစ်နေတဲ့အတွက် နန်းရင်းဝန်အော်နာရေဘီဦးစောလို့ ခေါ်ကြပါတယ်။ မီနာမီအဖွဲ့ကိုခေါင်းဆောင်မယ့် ကာနယ်ဆူဇူကီး ရန်ကုန်ကို စုံစမ်းထောက်လှမ်းရန် ရောက်လာတယ်။ သတင်းစာဆရာအဖြစ် လာခြင်းပါ။ ဦးစောက ကာနယ်ဆူဇူကီးကို ခေါ် တွေ့ပါတယ်။ မြန်မာ့လွတ်လပ်ရေးတိုက်ပွဲအတွက် ဂျပန်ပြည်မှလက်နက်ပစ္စည်း ငွေအလုံးအရင်း လိုမယ်၊ စစ်ကူရနိုင်မလားလို့ မေးတယ်၊ ဒါသူနဲ့မဆိုင်ဘူး ဂျပန်ကောင်စစ်ဝန်နဲ့ ဆက်သွယ်ပါလို့ဆိုပြီး ခွာသွားတယ်။

ဦးစောဟာ ရှေးမြန်မာမင်းတွေလို လယ်ထွန်မင်္ဂလာလည်း လုပ်ပြရင်း ပြည်သူတွေ သူ့ခေါင်းဆောင်မှုနောက်လိုက်အောင် လုပ်လိုက်သေးတယ်။ ပြည်သူတွေကတော့ စိတ်မ၀င်စား။

အဲဒီနောက် ၁၉၄၁ ခု စက်တင်ဘာလထဲမှာ ဦးစောဟာ လွတ်လပ်ရေးအတွက် အရေးဆိုဖို့ လန်ဒန်ကိုသွားသေးတယ်။ ဘာအာမခံချက်မှမရဘဲ ပြန်ခဲ့ရတယ်။ ဦးစောဟာအပြန်မှာ လစ်စဘွန်းမြို့ ဂျပန်သံရုံးနဲ့ သွားအဆက်အသွယ်လုပ်တဲ့အတွက် ဟိုင်ဖားမြို့မှာ အဖမ်းခံရတယ်။ အဲဒီက နေ အာဖရိကတိုက် ယူဂန်ဒါပြည်မှာ အကျယ်ချုပ်နဲ့ထားလိုက်တယ်။

ဦးစောဟာ ယူဂန်ဒါပြည်နယ်မှာ အကျယ်ချုပ်အဖြစ်နေရစဉ် ယူဂန်ဒါသူနဲ့ အိမ်ထောင်ပြုခဲ့ပြီး ယောက်ျားကလေးတစ်ယောက် ထွန်းကားခဲ့တယ်။ မြန်မာပြည်ဘုရင်ခံက ပြန်ခေါ်တော့ အဲဒီသားအမိကို ထားခဲ့ပါသတဲ့။ ၁၉၄၇ ခု ဧပြီလမှာ ကျင်းပတဲ့ တိုင်းပြုပြည်ပြု လွှတ်တော်ရွေးကောက် ပွဲမှာအနိုင်ရခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ ဦးစောရဲ့ ပစ်မှတ်တစ်ခုအဖြစ် ဖြစ်လာပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းရှိနေသမျှ သူဟာနန်းရင်းဝန်ဖြစ်ဖို့ မလွယ်ဘူး။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဖ-ဆ-ပ-လ ခေါင်းဆောင်များကို သုတ်သင်ပစ်မှဖြစ်မယ်ဆိုတဲ့ ခံယူချက်ရှိလာတယ်။သူဟာအကြံလည်း ပက်စက်၊ ဇက်ရဲလက်ရဲလည်း ရှိတယ်။ လုပ်ရဲ ကိုင်ရဲတယ်၊ အကြံကြီးတယ်၊ ဇွဲကောင်းတယ်၊ ပရိယာယ်ကြွယ်တယ်။

၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ ၁၀ နာရီခန့်တွင် ဦးစောရဲ့ စေခိုင်းချက်အရ မောင်စိုးတို့အဖွဲ့က ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဆရာကြီးဦးရာဇတ်အပါအ၀င် အာဇာနည်ခေါင်းဆောင်ကြီးများကို သွေးအေးအေးနဲ့ ပစ်သတ် ခဲ့ပါတယ်။ ဒါတွေကတော့ အာဇာနည်အဖြစ် ကျဆုံးသွားရှာတဲ့ ဗိုလ် ချုပ်အောင်ဆန်းရဲ့ တိုင်းပြည်အပေါ်ထားရှိတဲ့ ကိုယ်ကျိုးစွန့်စိတ်ဓာတ်နဲ့ ကြိုးပမ်းခဲ့တဲ့ သမိုင်းအဖြူနဲ့ အာဇာနည်တွေရဲ့လူသတ်တရားခံဦးစောရဲ့ တိုင်းပြည်အပေါ်ထားရှိတဲ့ တစ်ကိုယ်ကောင်းစိတ်ဓာတ်နဲ့ အဖျက်လုပ်ငန်းကို ကြိုးပမ်းခဲ့တဲ့ သမိုင်းအမည်းကို ဒီ(၆၅)နှစ် မြောက် အာဇာနည်နေ့မှာ ရေးသားတင်ပြလိုက်တယ်လို့ ဆိုပါရစေသား။

ကိုးကား။ ။

တာချီလိတ်အွန်လိုင်းစာမျက်နှာ

www.tachileik.net