ထိုင်းနိုင်ငံသားတစ်ဦးထံ၌ တာချီလိတ်အတွင်းမှ ခိုးယူလာသော ဆိုင်ကယ်အား သိမ်းဆည်းရမိ

ထိုင်းနိုင်ငံသားတစ်ဦးထံ၌ တာချီလိတ်အတွင်းမှ ခိုးယူလာသော ဆိုင်ကယ်အား သိမ်းဆည်းရမိ
ဇူလိုင် 25, 2012
By Tachileik News Agency
ဇူလိုင်(၂၅)ရက် နေ့လည်(၂)နာရီဝန်းကျင်တွင် ထိုင်းနိုင်ငံသားတစ်ဦးဖြစ်သူသည် တာချီလိတ်မြို့တွင်း တစ်နေရာမှ ဆိုင်ကယ်တစ်စီးအား ခိုးယူလာသည်ဟု ယူဆရ၍ ၎င်းအား ဖမ်းဆီးအရေးယူလိုက်ကြောင်း သိရှိရသည်။


၂၀၁၂ခုနှစ် ဇူလိုင်(၂၅)ရက် နေ့လည်(၂)နာရီဝန်းကျင်တွင် နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် မြင့်ထွေး ခေါင်းဆောင်သော နယ်ထိန်းတပ်ကြပ်ကြီး အောင်စိုးမိုး၊ ဒုတပ်ကြပ် ဇော်မိုးမင်းတို့ နှင့် ပုန်းထွန်ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ဝင်များသည် မှု့ခင်းကင်းစင်ရက်သတ္တပတ်
(Crime Free Week)စီမံချက်အရ လှည့်ကင်းဆောင်ရွက်ရင်း တာချီလိတ်မြို့နယ် ပုန်းထွန်ရပ်ကွက်၊ ဗေဒါလမ်း၊ နန္ဒဝန်တည်းခိုခန်းရှေ့ လမ်းမပေါ်တွင် မသင်္ကာသည်ဟုယူဆရသော ကားဆိုင်ကယ်များကို ရပ်တန့်စစ်ဆေးနေစဉ် အညို/အနက်ရောင် Honda Click အမျိုးအစား (၁)စီးအား မောင်းနင်လာသော အသက်(၃၅)နှစ်အရွယ်ရှိ ထိုင်းနိုင်ငံသားတစ်ဦးသည် မသင်္ကာဖွယ်ရာဖြစ်နေ၍ ၎င်းအား စစ်ဆေးမှုများပြုလုပ်ရာတွင် ဆိုင်ကယ်မှာ ၎င်းအနေဖြင့် ပိုင်ဆိုင်မှုအထောက်အထား တစ်စုံတစ်ရာပြသနိုင်ခြင်း မရှိသဖြင့် ခိုးယူလာသည်ဟု ယူဆရသည်ဖြစ်တာကြောင့် ၎င်းအား ဆိုင်ကယ်နှင့်အတူ ဥပဒေအရ ဖမ်းဆီး အရေးယူလိုက်ကြောင်း သိရသည်။

တရားခံမှာ မယ်ဆိုင်မြို့ ပါးရန်းရပ်ကွက်တွင် နေထိုင်ကြောင်း သိရှိရပြီး တာချီလိတ်မြို့တွင်လည်း
နေထိုင်ကြောင်း သိရှိရသည်။

ယခုကဲ့သို့ မှု့ခင်းကင်းစင်ရက်သတ္တပတ် (Crime Free Week)စီမံချက်အဖြစ် ပုန်းထွန်တွင် ကင်းလှည့်ရာ ပြီးခဲ့သော ဇူလိုင်(၂၁)ရက်နေ့ ညပိုင်းတွင် စိတ်ကြွရူးသွပ်ဆေးပြား(၂၄)ပြားနှင့် ဘိန်းဖြူ (၄)ဂရမ် ကို ဖမ်းဆီးရမိပြီး ယခု ဇူလိုင်(၂၅)တွင် ဆိုင်ကယ်ခိုးသူဟု ယူဆရသော လူအား ဖမ်းဆီးရမိသည်။

တာချီလိတ်အွန်လိုင်းစာမျက်နှာ
www.tachileik.net