ကြိုဆိုပါ၏

ကြိုဆိုပါ၏
ဒီဇင်ဘာ 2, 2009
By တာချီလိတ်

ဦးစွာပထမ တာချီလိတ်မြို့ သို့အလည်တစ်ခေါက် လာရောက်ရန် ဖိတ်ခေါ်ပါသည်။

ရာဇဝင်အဆက်ဆက်မှာ မြန်မာမင်းများ စော်ဘွားကြီးများ သွားလာလှုပ်ရှား နေထိုင်ခဲ့သော မြို့ကို ပြပါဆိုရင် ရှမ်းပြည်နယ်အရှေ့ပိုင်းက ကျိုင်းတုံမြို့နှင့် တာချီလိတ်မြို့ကို ပြရမှာပဲဖြစ်ပါသည်။ 
ကျိုင်းတုံမြို့သည် ဒဏ္ဍာရီပုံပြင်များနှင့်  သမိုင်းအထောက်အထား များစွာတို့နှင့်  များပြားလျက်ရှိပါသည်။ ကျိုင်းတုံမြို့သည် ရှမ်းပြည်နယ် အရှေ့ပိုင်း၏ မြို့တော်ဖြစ်ပါသည်။ သို့သော်လည်း ကျိုင်းတုံမြို့ကို လူအများသိပြီးကြမှာ ဖြစ်ပါသည်။

(နောက်များမှ ကျိုင်းတုံမြို့အကြောင်းကို တင်ဆက်ပါဦးမည်)။

ကျိုင်းတုံ မှ တာချီလိတ်၊ တာချီလိတ် မှ ကျိုင်းတုံသို့ ခရီးကို ယခင်က ညအိပ်ခရီးဖြင့် သွားကြရ သော်လည်း ယခုအချိန်တွင် (၃)နာရီခန့်သာ ကြာပါတော့သည်။ ထို့ကြောင့် ကျိုင်းတုံ နှင့် တာချီလိတ် ခရီးကို နေ့သွားညပြန်အနေဖြင့် သွားလာလို့ရပြီး ကျိုင်းတုံ၊ တာချီလိတ်ခရီး၏ မိုင်အရေအတွက်မှာ (၁၀၂)မိုင်သာရှိပါသည်။  

တာချီလိတ်မြို့ကို ရောက်ပြီဆိုရင်ဖြင့် တာချီလိတ်မြို့တွင်၊ တိုင်းရင်းသားလူမျိုးများစွာကို တွေ့မြင်ရမှာ ဖြစ်ပါသည်။ ထိုတိုင်းရင်းသား လူမျိုးများတွင်- ဗမာ၊ ရှမ်း၊ အခါ၊ လားဟူ၊ ကရင်၊ ချင်း၊ ရခိုင်၊ ပအိုဝ်း၊ ဓနု၊  “ဝ” ၊ တရုတ်၊ မွတ်စလင်လူမျိုးများနှင့် အခြားလူမျိုးများစွာလည်း နေထိုင်ကြပါသည်။ တာချီလိတ်မြို့တွင် ငွေကြေးကို မြန်မာငွေ နှင့် ထိုင်း(ယိုးဒယား) ငွေ နှစ်မျိုးစလုံးကို အသုံးပြုကြသည်။ ယခုအခါ တာချီလိတ်မြို့တွင် အလည်လာသောသူများ နှင့် အလုပ်အကိုင်ကိစ္စဖြင့် လာကြသောသူများစွာ ရှိနေကြပါသည်။

 

တာချီလိတ်မြို့တွင် ရန်ကုန်မြို့ရှိ ရွေတိဂုံစေတီတော်မြတ်ကြီး၏ ပုံတူ စေတီတော်လည်းရှိပါသည်။ ထို့အပြင် မြန်မာနိုင်ငံ၏တစ်ဖက်ကမ်းဖြစ်သော ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင်လည်း သွားရောက်လည်ပတ်နိုင်ပြီး မြန်မာတို့၏ ဘုရင် အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ၏ ကုန်းတော်ဟုခေါ်ဆိုသော တော်ကုန်းတွင် ဘုရားဖူးရင်း တာချီလိတ်မြို့၏ ရှု့ခင်းဟာ ထိုနေရာ၌ ကြည့်ရှုခံစားနိုင်ပါသည်။ တာချီလိတ်မြို့တွင် နေ့စဉ်စည်ကားသိုက်မြိုက်သော တာလော့ဈေးခေါ် တရုတ်တန်းရှိပါသည်။ ထိုဈေးတွင် ထိုင်း၊ တရုတ် ပစ္စည်းများဖြစ်သော စက်မှုပစ္စည်းများ၊ လူအသုံးအဆောင်ပစ္စည်းများ နှင့် အခြားနိုင်ငံများမှ ကုန်ပစ္စည်းများစွာတို့ကို အထူးရောင်းချကြသည့်အပြင်မြန်မာပြည်တွင် ထုတ်လုပ်သော ပစ္စည်းများစွာဖြစ်သော ယွန်းထည်၊ အဝတ်အစား၊ အနုပညာပစ္စည်းများ၊ လက်ဝတ်ရတနာများ နှင့် အစားအသောက်ကုန်ပစ္စည်းများတို့ကို ရောင်းချပါသည်။ ထိုဈေး၏တည်နေရာမှာ  ထိုင်း၊ မြန်မာ ချစ်ကြည်ရေးတံတားအနီးတွင် တည်ရှိပါသည်။ နိုင်ငံအရပ်ရပ်မှ အလည်အပတ်လာရောက်ကြသော လူများသည် တာချီလိတ်မြို့ကို ရောက်ပြီဆိုရင်ဖြင့် ရွှေတိဂုံဘုရား နှင့် ထိုတာလော့ဈေးအားဝင်ရောက်လည်ပတ်ကြပါသည်။

 တာချီလိတ်မြို့တွင် ခရီးတိုအနေဖြင့် ဟိုဟိုဒီဒီ သွားလာဖို့အတွက် အငှားယာဉ်ဖြစ်သော ဆိုင်ကယ်Taxi များစွာရှိပါသည်။ ထိုအငှား ဆိုင်ကယ်Taxi များမှာ နေရာတိုင်း၌ ရှိကြပါသည်။ ဈေးနှုန်းချိုသာစွာဖြင့် သွားလိုသော ခရီးအားအရောက် ပို့ဆောင်ပေးကြပါသည်။ ထို့အပြင် ဆိုင်ကယ်Taxi ဖြင့် ကျိုင်းတုံမြို့သို့ သွားရောက်လိုကလည်း ပို့ဆောင်ပေးပါသည်၊ ဆိုင်ကယ်ဖြင့်သွားသော် ကျိုင်းတုံ-တာချီလိတ် ခရီး၏ ကြာမြင့်ချိန်မှာ သုံးနာရီမှ လေးနာရီအတွင်းသာ ကြာမြင့်ပါသည်။ ထိုသို့သွားလာစဉ် ဆိုင်ကယ်Taxi ဖြင့် ယုံကြည်စိတ်ချစွာ သွားလာနိုင်ပါသည်။

တာချီလိတ်မြို့တွင် မြန်မာအစားအစာ၊ ထိုင်းအစားအစာ၊ ရှမ်းအစားအစာ နှင့် တရုတ်အစားအစာများကိုလည်း ရရှိနိုင်ပါသည်။ တာချီလိတ်မြို့ကို လာမည်ဆိုပါက ကားဖြင့်လာသော် ကျိုင်းတံြုမို့ မှ တဆင့် မိုင်းဖြတ်မြို့ မှတဆင့် လာရပါတယ်၊ ထိုအတူ ကျိုင်းတုံမြို့သို့ သွားမည်ဆိုပါကလည်း ထိုနည်းအတိုင်သာ။ လေကြောင်းလိုင်းဖြင့် လာလိုသော် ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ ပုဂံ စသည့် မြန်မာပြည်အရပ်ရပ်ရှိ မြို့များမှ လာလို့ရပါသည်။ တာချီလိတ်မြို့ကို ရောက်ပြီဆိုရင်ဖြင့် လူမျိုးပေါင်းစုံတို့ရဲ့ ဘာသာစကားကို နားထဲမှာ အထူးအဆန်းအနေဖြင့် ကြားရမည်မှာ မလွဲပါ...။